အလောင်းတော်ကဿပဘုရားဖူးယာဉ်တစ်စီး ချောက်ထဲထိုးကျပြီး ၅ ဦး သေဆုံး

အလောင်းတော်ကဿပဘုရားဖူးယာဉ်တစ်စီး ချောက်ထဲထိုးကျပြီး ၅ ဦး သေဆုံး
   ဓာတ်ပုံ-ထွန်းထွန်းဝင်း

ရန်ကုန်၊ မတ်လ ၁၈။   ။  စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ကပိုင်ရွာမှ အလောင်းတော်ကဿပဘုရားသို့ သွားသည့် မော်တော်ယာဉ် တစ်စီးသည် ချောက်ထဲသို့ ထိုးကျခဲ့ပြီး လူ ၅ဦးသေဆုံးခဲ့ကြောင်း ကနီမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက မဇ္စျိမသို့ ပြောသည်။

 ခရီးသည် ၄ဝ နီးပါးခန့်တင်ဆောင်လာသော ဘုရားဖူးယာဉ်တစ်စီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ကပိုင်ရွာမှ အလောင်းတော်ကဿပဘုရားသို့ သွားစဉ် ၁၆ မိုင်နှင့် ၄ ဖာလုံခန့်ရှိ တောင်ထိပ်သို့ အတက်၌ တောင်ထိပ်မှ ပေ ၂ဝဝ ခန့်အနက်ရှိသောချောက်ထဲသို့ ထိုးကျခဲ့ပြီး အမျိုးသမီး ၄ ဦး၊ အမျိုးသား ၁ ဦး နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ဘုရားဖူးယာဉ်မှာ မတ်လ ၁၈ ရက်၊ နံနက် ၅ နာရီခွဲခန့်တွင် ထိုသို့ ချောက်ထဲသို့ထိုးကျခဲ့ခြင်းဖြစ်ပြီး ယာဉ်မှာ ချောင်းအစပ်နားအထိပင် ရောက်ရှိသွားခဲ့ကြောင်းသိရသည်။

 “ကားက တောင်ထိပ်ကနေပြီးတော့ ချောင်းမကြီးရဲ့ ချောင်းအစပ်ထိ ကျသွားတယ်ပြောတယ်။ အငှား ယာဉ် တွေကလည်း လူနာတွေကို ကပိုင်ဆေးရုံကိုပေါ့နော်။ နိုင်သလောက် သယ်ပို့တယ်။ လူနာတင်ယာဉ်တွေ ကလည်း သယ်ပို့တယ်။ ပွဲချင်းပြီးကတော့ ၅ ဦးသေတယ်။ မိန်းကလေး ၄ ဦးနဲ့ ယောင်္ကျားလေး ၁ ဦးသေဆုံး တယ်။ ကျန် တဲ့သူတွေကတော့ ဒဏ်ရာရသူတွေပေါ့”ဟု ဦးထွန်းထွန်းဝင်းက ပြောသည်။

 အဆိုပါ ဘုရားဖူးယာဉ်ပေါ်ရှိသူများ နောက်ဆုံး လက်မှတ်ထိုးခဲ့သည့် ဂုံးညှင်းပင်စခန်းမှ ရရှိသည့် စာရင်းအရ ယင်းဘုရားဖူးယာဉ်ပေါ်တွင် ခရီးသည် ၃၃ ဦး၊ ယာဉ်မောင်း ၂ ဦး၊ ယာဉ်နောက်လိုက် ၁ ဦး၊ စုစုပေါင်း ၃၆ ဦး လိုက်ပါခဲ့ကြောင်းသိရသည်။

 “ ကပိုင် တောင်ခြေရွာကနေ အလောင်းတော်ကဿပကိုဆိုရင် မိုင် ၄ဝ လောက်မောင်းရတာ။ အခုဖြစ်တာက ၁၆ မိုင်နဲ့ ၄ ဖာလုံ တောင်ထိပ်တက်တဲ့ နေရာမှာ။ နောက်ဆုံးသတင်းကတော့ ရဲမှူးရယ်၊ မြို့နယ်အုပ်ချုပ်ရေး မှူးရယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်မီးသတ်တွေတော့ တက်သွားတယ်။ နောက်ဆုံးရတာတွေကိုတော့ သတင်းပို့ မယ်တော့ပြောတယ်။ လောလောဆယ်တော့ အချက်အလက်တွေ ကောက်တုန်းရှိပါသေးတယ်”ဟု ကနီမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ဆက်ပြောသည်။

အဆိုပါ တိမ်းမှောက်ခဲ့သည့် ဘုရားဖူးယာဉ်တွင် မည်သည့် စာမှ ကပ်ထားခြင်း၊ ပါရှိခြင်းမရှိသည့်အတွက် မတ်လ ၁၈ ရက်၊ ညနေ ၃ နာရီအထိ မည်သည့် ဘုရားဖူးယာဉ်ဖြစ်ကြောင်း မသိရသေးဟု ဦးထွန်းထွန်းဝင်း ပြောပြ ချက်အရသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly