ရိုဟင်ဂျာဆိုသူ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပယ်ချ

ရိုဟင်ဂျာဆိုသူ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပယ်ချ

အာချေးပြည်နယ် ရွှေ့ပြောင်းအခြေချစခန်းတစ်ခု၏ အပြင်ဘက်တွင် ဒေသခံအမျိုးသားများက မြန်မာနိုင်ငံမှ ၎င်းတို့အခေါ် ရိုဟင်ဂျာဆိုသူအမျိုးသမီးအချို့ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့သည် ဆိုသည့် စွပ်စွဲချက်များကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က အောက်တိုဘာ ၃ တွင် ပယ်ချခဲ့သည်။

စက်တင်ဘာ ၂၈နေ့ ညနေပိုင်းက စခန်းမှထွက်လာပြီး မကြာမီ အမျိုးသားအုပ်စုတစ်ခုက ၎င်းတို့အား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခဲ့သည်ဟု အသက် ၁၄နှစ်မှ ၂၈ နှစ်အရွယ်ထိ ရိုဟင်ဂျာ အမျိုးသမီး လေးဦးက ပြောကြားခဲ့သည်။ ၎င်းအမျိုးသမီးများနှင့် အတူ ကလေးသုံးဦးနှင့် အမျိုးသားနှစ်ဦးလည်းပါသည်ဟု ဆိုသည်။

ဆေးစစ်ချက်အရ ယင်းအမျိုးသမီးသုံးဦးတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသည့် လက္ခဏာမတွေ့ရဟု အယ်လ်ဟော့ဆူမာေ၀ ရဲတပ်ဖွဲ့အကြီးအကဲ အာနန်ထရီယန်ဆိုနိုက ပြောသည်။ စတုတ္ထမြောက်အမျိုးသမီးကိုမူ စစ်ဆေးခြင်းမပြုခဲ့ပေ။ အကြောင်းမှာ လိင်ပိုင်းအကြမ်းဖက်ခံရခြင်းမရှိဟု ၎င်းက နောက်ပိုင်းတွင် ဝန်ခံခဲ့ခြင်းကြောင့် ဖြစ်သည်။ "သူတို့ဘာဖြစ်လို့ မုဒိမ်းကျင့်ခံရတယ်။ လိင်ပိုင်းအကြမ်းဖက်ခံရတယ်လို့ ပြောရတယ့်အကြောင်းရင်းကို မသိရသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒုက္ခသည်တွေအနေနဲ့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ကျွန်တော်တို့ စိုးရိမ်နေရလို့ပါ"ဟု ထရီယန်ဆိုနိုက အေအက်ဖ်ပီသို့ အောက်တိုဘာ ၃ ကပြောသည်။

ဒေသတွင်း ရွှေ့ပြောင်းအခြေချသူများအတွက် ပိုမိုအခွင့်သာသော အိမ်နီးချင်းမလေးရှားသို့ စခန်းမှထွက်ပြေးရန် ကြိုးပမ်းသော ယင်းအမျိုးသမီးများကို ဖမ်းမိပြီးနောက် ယင်းအမျိုးသမီးများ လိမ်လည်တိုင်ကြားသည်ဟု ရဲတပ်ဖွဲ့က သံသယရှိနေခဲ့သည်ဟု ထရီယန်ဆိုနိုက ပြောသည်။ ရွှေ့ပြောင်းအခြေချသူများကို အနီးရှိရွာများသို့ သွားခွင့်ပြုထားပြီး ပို၍ဝေးဝေးသွားလိုပါက အာဏာပိုင်များထံမှ ခွင့်ပြုချက်ယူရမည်ဟု ဆိုသည်။

အစ္စလာမ္မစ်ပြည်နယ်တစ်ခုဖြစ်သော အာချေးသည် မွတ်စလင်ရိုဟင်ဂျာများကို ယေဘုယျအားဖြင့် ကြိုဆိုလေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly