ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်မယ့် သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း - အပိုင်း( ၅ ) နိဂုံးပိုင်း

By မျိုးသန့်(မဇ္စျိမ)
18 March 2019
ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်မယ့် သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း - အပိုင်း( ၅ ) နိဂုံးပိုင်း

မင်္ဂလာပါ မဇ္ဈိမပရိသတ်များခင်ဗျား ကျွန်တော်တို့ အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ Mizzima Exclusive Interview အစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျား။   တွေ့ဆုံမေးမြန်းမယ့် သူကတော့ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီကို တည်ထောင်သူဖြစ်တဲ့ သူရဦးရွှေမန်းဖြစ်ပါတယ်ခင်ဗျား။

{သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း - အပိုင်း( ၅ ) မှာတော့  သမ္မတဖြစ်ဖို့ ရည်မှန်းချက်က ဘယ်လောက်ထိ နီးစပ်လာပြီလဲဆိုတာရယ် . .  ပါတီတည်ထောင်ခြင်း ရည်ရွယ်ချက်တွေ က. . ဘာလဲဆိုတာတွေကို ဆွေးနွေး ထားတာ ဖြစ်ပါတယ်။}

မေး။ ။ ၂၀၁၅ တုန်းက တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့်ပေါ့နော်။ ကျွန်တော်တို့ ကြားသိရတာကတော့ သမ္မတဖြစ်ဖို့ ရည်မှန်းချက် တော်တော်ရှိခဲ့တယ်လို့ ကြားပါတယ်။ အခုဆိုရင် ပါတီထောင်ပြီပေါ့လေ။ အဲ့ဒီတော့ သမ္မတဖြစ်ဖို့ ရည်မှန်းချက်က ဘယ်လောက်ထိ နီးစပ်လာပြီလို့ ပြောလို့ရမလဲ။

ဖြေ။ ။ ဒီနေ့ပါတီထူထောင်တာက သမ္မတဖြစ်ဖို့ထက် နိုင်ငံကို ပြည်ထောင်စု ကောင်းကျိုးပြုနိုင်ဖို့ အတွက် ပါတီထူထောင်ခြင်းဖြစ်ပါတယ်။ ဒီဟာသည် ပါတီရဲ့ တကယ်ရည်မှန်းချက် သန္နိဋ္ဌာန်ပဲဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ နိုင်ငံတစ်ခုကို ထူထောင်တဲ့နေရာမှာ ပါတီက အရေးကြီးပါတယ်။ ဒီနေ့ ပါတီ ဆိုတဲ့နေရာမှာ နိုင်ငံရေးပါတီအသီးသီးက အရေးပါပါတယ်။ နိုင်ငံရေးပါတီများဟာ သူတို့ဆီမှာ အခွင့်အာဏာ ရတယ်ဆိုရင် နိုင်ငံရဲ့ အရေးအရာအားလုံးကို တာဝန်ယူနိုင်တဲ့အနေအထားရှိပါတယ် ။ မည်သည့် အဖွဲ့အစည်းမှာမှ ခုနက နိုင်ငံအရေးအရာကို တာဝန်ယူနိုင်ခြင်းမရှိဘူး။ ဘာလို့လဲဆိုရင် နိုင်ငံရေးပါတီ၊ ဒါကြောင့်မို့လို့ မိမိတို့ ထူထောင်တဲ့ နိုင်ငံရေးပါတီဟာ နိုင်ငံအရေးအရာများကို ကောင်းမွန်စွာ စီမံခန့်ခွဲ ဆောင်ရွက်နိုင်တဲ့ ပါတီမျိုးတစ်ခုဖြစ်ဖို့လိုတယ်။ ဒါကြောင့်မို့လို့ ဒီလိုထူထောင်နေတဲ့အခါမှာ လူတွေစုဆောင်းရပါမယ်၊ လူတွေစုဆောင်းတဲ့အခါမှာ ခုနက ပြောသလိုပဲ ကိုမျိုးသန့်ပြောသလို လူငယ်တွေလည်း ပါမယ်၊ လူကြီးတွေလည်းပါမယ်၊ လူလတ်တွေလည်းပါမယ် ခုနပြောတယ်လေ အမျိုးသမီးကိစ္စ၊ အမျိုးသမီးရေးရာကိစ္စ၊ အလုပ်သမားရေးရာကိစ္စ၊ တောင်သူသမားကိစ္စ ၊ သူတို့လည်းပါမယ် ။အဲ့ဒီတော့ ခုနက တစ်ခါတစ်ခါမှာ အဓိပ္ပါယ်လွဲသွားမယ့်ကိစ္စလေးလည်း စိုးရိမ်တဲ့အတွက် နဲနဲလေးပြောပါရစေ။ လူငယ်တွေကို နေရာပေးမယ်၊ တာဝန်ပေးမယ် လို့ပြောတဲ့အတွက် လူကြီးတွေကို ပစ်ပယ်လိုက်မှာလားဆိုတာမျိုး သွားထင်မယ်ဆိုရင်လည်း မှားသွားမယ်၊ အဲ့ဒီအထဲမယ် လူလတ်တွေကို ပစ်ပယ်သွားမှာလားဆို မှားသွားမယ်၊ အဲ့ဒီတော့ လူငယ်တွေကို နေရာပေးမယ်၊ တာဝန်ပေးမယ် ဆိုသလိုပဲ လူကြီးပဲဖြစ်ဖြစ်၊ လူလတ်ပဲဖြစ်ဖြစ်၊ သူ့နေရာနဲ့သူ ထိုက်ထိုက်တန်တန် ပါဝင်သွားမှ နိုင်ငံအတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ခုနက ပါတီ ထူထောင်ခြင်းသည် သမ္မတဖြစ်ဖို့ ဆိုတာထက် ပါတီတည်ထောင်ခြင်းသည် နိုင်ငံ့ကောင်းကျိုးကို ဆောင်ရွက်ဖို့ ဆိုတဲ့ အနေအထားနဲ့ပဲ အဓိကထား စဉ်းစားနေပါတယ်။ ဒါကြောင့် ခုနပြောတဲ့နေရာမှာ မိမိတို့ ပါတီဖြစ်လာမယ်ဆိုရင် လူငယ်တွေလည်းလာကြပါ၊ ပြီးတဲ့အခါမှာ အမျိုးသမီးတွေလည်း လာကြပါ။ လူကြီးတွေလည်း လာကြပါ။ တောင်သူသမားတွေလည်း လာကြပါ။ အလုပ်သမားတွေ လာကြပါ။ ပြီးတဲ့အခါမှာ ပါတီရဲ့ မူဝါဒ ဆန်းစစ်ပါ။ လိုလို့ရှိရင်လည်း သူတို့အနေနဲ့က ပါတီရဲ့ မူဝါဒမှာ အကြံပြုပါ။ ပြီးတဲ့အခါမှာ ပါတီရဲ့ လုပ်ငန်းစဉ်ကိုလည်း ဆန်းစစ်ပါ၊ ပြီးတဲ့အခါမှာ လိုမယ်ဆိုလည်း သူတို့က ဝိုင်းပါပေးပါ။ အဲ့ဒီအထဲမယ် ပါတီရဲ့ လုပ်ဆောင်ချက်များကိုလည်း သူတို့က ဆန်းစစ်ပါ။ ဝေဖန်ပါ။ အကဲဖြတ်ပါ။ မှားနေလို့ရှိရင် အကြုံပြုပါ။  ဒါကြောင့်မို့လို့ ခုနက ကိုမျိုးသန့်မေးရင်းနဲ့ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီကတော့ ဒီလိုသဘောထားတွေရှိပါတယ် ဒီလိုရည်ရွယ်ချက်တွေရှိပါတယ်။ ဒါကြောင့်မို့လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို စိတ်ဝင်စားမယ်ဆိုရင် စိတ်ဝင်စားကြပါ။ ပြီးတဲ့အခါမှာ လေ့လာပါ၊ အကဲဖြတ်ပါ၊ ဖြစ်နိုင်လို့ ရှိရင်လည်း ပါဝင်ဆောင်ရွက်မယ်ဆိုလို့ရှိရင်တော့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီကတော့ အားလုံး ကြိုဆိုပါတယ်။ ဖိတ်ခေါ်ပါတယ်လို့ပဲ ကိုမျိုးသန့်ကနေတစ်ဆင့် ပြည်သူလူထုကြီးကို ဒီလိုပဲ တင်ပြချင်ပါတယ်။

မေး။ ။ နောက်ထပ် ထပ်ပြီးတော့များ ဖြည့်ပြောချင်တာရှိရင် ပြောပေးပါခင်ဗျား။

ဖြေ။ ။ ဒီနေ့ကတော့ သိသလောက်ကတော့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ထူထောင်မယ်ဆိုတဲ့ သတင်းကြားရတဲ့အတွက် ယခင်ထက်ပိုပြီးတော့ စိတ်ဝင်စားလာတယ်လို့ ပြောပါတယ်။ ပြောကြပါတယ်။ တကယ်လက်တွေ့နယ်ပယ်မှာတော့ မသိဘူးပေါ့လေ။ တစ်ချို့လည်း လောလောဆယ်ပေါ့လေ ပါတီဝင်ခွင့်ရတယ် ဆိုလည်း ဝင်ချင်တယ်ဆိုတယ်၊ ဒီဟာမျိုးတွေလည်း ပြောပါတယ်၊ အဲ့ဒီတော့ လောလောဆယ်တော့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တည်ထောင်ဖို့အတွက် UEC ခေါ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြထားဆဲဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကနေပြီးတော့ ပါတီထူထောင်ခွင့်အတွက် မှတ်ပုံတင်ခွင့် ပေးရပါမယ်၊ အဲ့ဒီနောက်ပိုင်းမှာ ဆက်ပြီးတော့ လုပ်စရာလုပ်ငန်းတွေရှိပါတယ်။ ဒါကြောင့်မို့လို့ တစ်ချို့ကလည်း နဲနဲစိုးရိမ်ပူပန်တာ ရှိတာပေါ့လေ၊ အချိန်နည်းနေပြီ၊ ဒါကြောင့်မို့လို့ဆိုတဲ့ စိုးရိမ်စိတ်လည်းရှိပါတယ်၊ အဲ့ဒီတော့ ဟုတ်ပါတယ် အချိန်နည်းတာလည်းမှန်ပါတယ်။ သို့ရာတွင် လုပ်ငန်းပေါ်ကို အာရုံထား ကြိုးစား အားထုတ်မှုများ ရှိလာမယ်ဆို၊ နည်းတဲ့အချိန်ကလည်း လိုချင်တဲ့ ရည်မှန်းချက်ကို ရောက်အောင်သွားနိုင်ဖို့ အခွင့်အလမ်းတွေရှိပါတယ်။ ဒီနေရာမှာ ဒါကြောင့်မို့လို့ လူထုရဲ့ စိတ်ဝင်စားမှု နိုးနိုးကြားကြားပါဝင် ပူပေါင်းမှုဟာလည်း မိမိတို့ ထူထောင်မည့် ပါတီအတွက် အရေးကြီးသလိုပဲ နိုင်ငံအတွက်လည်း အရေးကြီးပါတယ်။ ဒီနေ့ တစ်ချို့ တစ်ချို့သော ပြည်သူများက လိုချင်တာပဲရှိတယ်။ လုပ်ချင်တာပဲရှိတယ်။ ဒါပေမယ့် လိုချင်တာကို မလုပ်ကြဘူး။ လိုချင်တာကို မလုပ်ကြဘူးဆို ဘယ်တော့မှရမှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ လိုချင်တဲ့ဆန္ဒကို လက်တွေ့လုပ်ချင်တဲ့ ဆန္ဒနဲ့ တကယ်လက်တွေ့လုပ်၊ လုပ်တဲ့အခါမှာလည်း ခုနက လုပ်တိုင်းလည်း ကောင်းတာမဟုတ်ဘူး၊ စေတနာမှန်သလို လုပ်နည်းလုပ်ဟန်လည်း မှန်ဖို့လိုတယ်။ ဒီတိုင်းပဲ ဒီနေ့ပေါ့လေ စေတနာတော့မှန်တာပဲ ဒါပေမယ့် လုပ်နည်းမမှန်ဘူးဆိုလို့ရှိရင်လည်း အကျိုးသက်ရောက်မှု မကောင်းဘူး။ ပြီးတဲ့အခါမှာ လုပ်နည်းမှန်သော်လည်း လုပ်နည်းတွေကောင်းသော်လည်း စေတနာမကောင်းဘူးဆိုလို့ရှိရင်လည်း တစ်လွဲတွေဖြစ်မှာ။ ဒါကြောင့်မို့လို့ ဘာပဲလုပ်လုပ် ပြည်သူလူထုလည်း အားလုံး သတိထားမိမယ်ထင်ပါတယ်။ စေတနာမှန်ဖို့ လုပ်နည်းလုပ်ဟန် မှန်ဖို့လိုပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် စေတနာကို အကောင်အထည်ဖော်ကြမယ့် သူများရဲ့ အရည်အချင်းတွေလည်း အများကြီးလိုပါတယ်။ စေတနာမှာလည်း တကယ်ကောင်းမွန်တဲ့ စေတနာရှိဖို့လိုတယ်။ အရည်အချင်းမှာလည်း ကောင်းမွန်တဲ့အရည်အချင်းတွေရှိဖို့လိုတယ်၊ ဒီနှစ်ခုကို ပေါင်းစပ်တော့မှပဲ အောင်မြင်မှာလို့ပဲ ပြောပါရစေ၊ အဲ့ဒီတော့ ခုနက ဒီနေ့ကိုမျိုးသန့်တို့ လာပြီးတော့ တွေ့ဆုံမေးမြန်းမှုကလည်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ဥက္ကဋ္ဌကြီးတို့ အဖွဲ့က ထူထောင်ဖို့ စလိုက်ပြီဆိုတဲ့ အသံကြားလိုက်တဲ့အချိန်မှာ၊ လာရောက်ပြီးတော့ မေးမြန်းတဲ့အခါမှာ ဒီနေ့တော့ ဖက်ဒရယ်ဒီမိုကရေစီ အကြောင်းကို အဓိကထားပြီးမေးသွားပါတယ်။ မေးရင်းနဲ့ ပါတီရဲ့ ရည်မှန်းချက် ဆောင်ရွက်တဲ့နေရာမှာ ခုနက တစ်ချို့ကိစ္စတွေလည်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမေးပေးတဲ့အတွက် ကိုမျိုးသန့်တို့က တစ်ဆင့် မဇ္ဈိမကတစ်ဆင့် ပြည်သူကြီးကို တင်ပြခွင့်ရတဲ့အတွက်လည်း အများကြီးကျေးဇူးတင်ပါတယ် အားလုံးရှိပါတယ်၊ ဘာကြောင့်လည်း ဆိုတဲ့အခါမှာ လူတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခု နိုင်ငံရေးပါတီ တစ်ရပ်က ဘယ်လိုပါတီမျိုးလဲ၊ ဘယ်လိုရည်ရွယ်ချက်မျိုးလဲ၊ ဘယ်လိုစေတနာတွေရှိသလဲ၊ ဘယ်လိုအရည်အချင်းတွေရှိသလဲ ဆိုတာက ပြည်သူတွေ အကဲခတ်ရမှာဖြစ်ပါတယ်။ တကယ်တမ်းကျတော့ ပြည်သူရဲ့ ထောက်ခံအားပေးမှုသာလျှင် ပါတီရှင်သန်နိုင်မယ်၊ ပါတီအောင်မြင်နိုင်မယ်။ အဲ့ဒီပါတီရဲ့ ကောင်းသောလုပ်ဆောင်ချက်များသာလျှင် ပြည်သူက အသိအမှတ်ပြုတယ်၊ နိုင်ငံရဲ့ ကောင်းကျိုးကို ဆောင်ပေးမှာ ဖြစ်နိုင်တယ်လို့ပဲ ထင်ပါတယ်။ ဒါကြောင့်မို့လို့ ကိုမျိုးသန့် အပါအဝင် ကြည့်ရူနေကြတဲ့ ပြည်ထောင်စုသားများကို အထူးလေးစားပါတယ် ကျေးဇူးတင်ပါတယ်။   ။

( မဇ္စျိမ )

ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်မယ့် သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း - အပိုင်း(၁) အပြည့်အစုံ - http://www.mizzimaburmese.com/article/55141

ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်မယ့် သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း - အပိုင်း( ၂ ) အပြည့်အစုံ - http://www.mizzimaburmese.com/article/55185

ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်မယ့် သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း - အပိုင်း( ၃ ) အပြည့်အစုံ - http://www.mizzimaburmese.com/article/55327

ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်မယ့် သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း - အပိုင်း( ၄ ) အပြည့်အစုံ - http://www.mizzimaburmese.com/article/55372

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly