ကယားရှိ ဗိုလ်ချုပ်ကြေးရုပ်တု ရွှေ့ပြောင်းပေးရေးကိစ္စ ငါးပွင့်ဆိုင် အပြီးပြတ်ဆွေးနွေးမည်

ကယားရှိ ဗိုလ်ချုပ်ကြေးရုပ်တု ရွှေ့ပြောင်းပေးရေးကိစ္စ ငါးပွင့်ဆိုင် အပြီးပြတ်ဆွေးနွေးမည်

ရန်ကုန်၊ မတ် ၁၇ ။             ။ ဒေသခံပြည်သူများ၏ဆန္ဒမပါဝင်ဘဲ လွိုင်ကော်မြို့၊ ကန္တာဟေဝန်ပန်းခြံရှိ စိုက်ထူထားသော ဗိုလ်ချုပ် ကြေးရုပ်တုနှင့် ပတ်သက်ပြီး လာမည့် မတ် ၂၀ ရက်တွင် ပြည်နယ်အစိုးရ အပါအဝင် ငါးပွင့်ဆိုင် ဆွေးနွေးသွားမည်ဟု ကရင်နီဗိုလ်ချုပ်ရုပ်တု ကန့်ကွက်သပိတ်ကော်မတီဝင် ကိုဒီးဒီ က ပြောသည်။

ဗိုလ်ချုပ်ရုပ်တု စိုက်ထူခဲ့သော ကယားပြည်နယ်အစိုးရ၊ NRPC ၊ ကရင်နီ ဗိုလ်ချုပ်ရုပ်တုကန့်ကွက်သပိတ် ကော်မတီ၊ ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့ ဆွေးနွေးသွားမည် ဖြစ်သည်။

" NRPC က ဦးဇော်ဌေးပေါ့နော်။ သူ ဦးဆောင်တဲ့ NRPC ရယ်။ ကယားပြည်နယ်အစိုးရရယ်၊ ကျွန်တော် တို့ သပိတ်ကော်မတီရယ်၊ ဖြစ်မြောက်ရေးကော်မတီရယ်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရယ် ငါးဖွဲ့ဆွေးနွေးဖို့ရှိတဲ့အတွက် ၁ရရက်နေ့ ဆန္ဒပြမယ့်ဟာကို ခဏရွေ့ထားပေးပါ။ ၂၀ ရက်နေ့ကြရင် ဒီငါးပွင့်ဆိုင် ဆွေးနွေးတဲ့ရလဒ်ပေါ်မှာ မူတည်ပြီးမှ ကိုယ်လုပ်ချင်တာ ကိုယ့်သဘောပဲပေါ့နော်။ ခဏလေးစောင့်ကြည့်ပေးပါ လို့ ပြောတဲ့အတွက် ၁၇ ရက်နေ့ လူထုလှုပ်ရှားမှုကိုတော့ ရွေ့ဆိုင်းထားတာပေါ့နော်။ လာမယ် ၂၀ ရက်နေ့ ငါးပွင့်ဆိုင် တွေ့ဆုံလို့ရလာတဲ့ ရလဒ်ပေါ်မူတည်ပြီးမှ ကျွန် တော်တို့ဘာဆက်လုပ်မလဲတာကို အားလုံးကို ကြေညာအသိပေးမှာဖြစ်တယ်" ဟု ကိုဒီးဒီ ကပြောသည်။

မတ်လ ၁၇ ရက်က ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့သော ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့် တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ(ကရင်နီနှင့်ကချင်) သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လွိုင်ကော်မြို့ရှိ အငြင်းပွားဖွယ်ရာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို လာမည့် မတ်လ ၁၇ ရက်နေ့ နောက်ဆုံး ထားပြီး ရွေ့ပြောင်းပေးရန် ကရင်နီပြည်လူငယ်များအင်အားစုအဖွဲ့မှ ပြည်နယ်အစိုးရအား တောင်းဆိုထားခြင်း ဖြစ်ပြီး ယခု မတ်လ ၂၀ ရက်တွင် ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

"နောက်ဆုံး တွေ့ဆုံညှိနှိုင်းမှု လည်းဖြစ်မှာပါ။ အခုက စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းကို ကျွန်တော်တို့က အဓိက တန်ဖိုးထားပြီးတော့၊ တည်ပြီးတော့သွားတဲ့အတွက် ဒီကိစ္စကို လက်ခံခဲ့ခြင်းဖြစ်တယ်။ ပြောရေးဆိုခွင့် ရှိတဲ့ပုဂ္ဂိုလ်ကလည်း ဒီပွဲမှာ အပြီးအပြတ် ညှိပေးပါမယ်လို့ သူတို့လည်း ကတိပေးထားတဲ့အတွက် ကျွန်တော်တို့လည်း လက်ခံခြင်း ဖြစ်တယ်။ မအောင်မြင်တော့ ကျွန်တော်တို့ နောက်တစ်ခါတော့ မညှိ တော့ပါဘူး " ဟု ကယားလီဖူလူငယ် ဥက္ကဋ္ဌ ခူးပိုးရယ်က ပြောသည်။

ကန့်ကွက်မှုများရှိနေသည့်ကြားမှ ကယားပြည်နယ်အစိုးရမှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်နေ့ နေ့လယ်ပိုင်းက လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ်တုကို စိုက်ထူလိုက်ခြင်း ဖြစ်သည်။

 ဖေဖော်ဝါရီလ ၁၂ ရက်(ပြည်ထောင်စုနေ့)က ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားပေးရေးအတွက် ကယားပြည်နယ် အတွင်း လူဦးရေထောင်နှင့်ချီ ဆန္ဒထုတ်ဖော်ခဲ့မှုအပေါ် ရဲတပ်ဖွဲ့မှ ရော်ဘာကျည်ဖြင့် ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယင်းနောက် အစိုးရနှင့် ဆန္ဒပြလူငယ်များအကြား ညှိနှိုင်းမှုအချို့အရ ဆန္ဒပြမှုများ ရပ်တန့်ထားပြီးနောက်  ဗိုလ်ချုပ်ကြေးရုပ်တုဖြစ်မြောက်ရေးကော်မတီနှင့် ကရင်နီပြည်သူများကိုယ်စားပြုညှိနှိုင်းရေးကော်မတီ တို့ အကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း ဆွေးနွေးပွဲ ပျက်ခဲ့သည်။

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုဖျက်သိမ်းရေး (သို့မဟုတ်) ပြည်နယ်ပြင်ပကိုရွေ့ပြောင်းရေးမူ အတိုင်း လာမည့် ၂၀ ရက် ငါးပွင့်ဆိုင်ဆွေးနွေးပွဲတွင် အပြီးပြတ် ညှိနှိုင်းသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly