မဲဆန္ဒရှင်စာရင်းတွင် အမည်ပိုများ သိန်းနှင့်ချီ ပါဝင် ဆိုကာ စိစစ်ကြရန် NLD အရေးတကြီး ထုတ်ပြန်

မဲဆန္ဒရှင်စာရင်းတွင် အမည်ပိုများ သိန်းနှင့်ချီ ပါဝင် ဆိုကာ စိစစ်ကြရန် NLD အရေးတကြီး ထုတ်ပြန်
ကော့မှူးမြို့နယ် မဲဆန္ဒရှင်များစာရင်းကို ကြည့်ရှုနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင်လ ၄ ရက်က တွေ့ရစဉ်။(ဓာတ်ပုံ - သက်ကို)

ရန်ကုန်၊ အောက်တိုဘာ ၃။            ။ နိုဝင်ဘာရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းတွင် နာမည်အပိုများ သိန်းနှင့်ချီ ပါဝင်နိုင်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချု့် ဗဟို ရွေးကောက်ပွဲအောက်နိုင်ရေးအဖွဲ့က နိုဝင်ဘာ (၃) ရက်တွင် ထုတ်ပြန်လိုက်ပြီး ထိုအမည်ပိုများကို စိစစ်လျက် ရွေးကောက်ပွဲ ကော်ရှင် အဖွဲ့ခွဲများသို့ တင်ပြကာ ပယ်ဖျက်ပေးရန် လုပ်ဆောင်ကြဖို့ သူ၏ ပါတီဝင်များသို့ အရေးတကြီး တိုက်တွန်းလိုက်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ တွေ့ရှိမှုကို "မဲစာရင်းနှင့် ပတ်သက်၍ မိသားစာအများ အပြားတွင် မိမိတို့၏ မိသားစုဝင်များ မဟုတ်သော အမည်စိမ်းများ ပါရှိနေသည်ကို တွေ့ရှိရခြင်းဖြစ်ပါသည်" ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ 

ထို့ကြောင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ်လောင်းများ မြို့နယ်များ၏ အောင်နိုင်ရေး အဖွဲ့အစည်းများသည် မိမိတို့ မဲဆန္ဒနယ်ရှိ မိသားစုများတွင် လူပိုများ ပါဝင်ခြင်း ရှိ၊ မရှိ စိစစ်ကြရန် အရေးတကြီးလိုအပ်နေပြီဟုလည်း ဆိုသည်။ 

အမည်စိမ်း သို့မဟုတ် အမည်ပိုများ ပါဝင်နေမှုအတွက် ကော်မရှင်အဖွဲ့ခွဲ အသီးသီးသို့ တင်ပြရာတွင် အချို့ မြို့နယ် ကော်မရှင် အဖွဲ့ခွဲများမှာ ကူညီပယ်ဖျက်ပေး သော်လည်း အချို့မြို့နယ် ကော်မရှင် အဖွဲ့ခွဲများကမူ မည်သို့မှ ဆောင်ရွက်ပေးခြင်း မရှိဟုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဆိုသည်။

"ဤကဲ့သို့ အမည်စိမ်းများ ပါဝင်နေခြင်းမှာ မြို့နယ် အနှံ့အပြားတွင် ဖြစ်ပေါ်နေသောကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ မှန်းဆကြည့်လျင် စာရင်းပေါက်လူပို သောင်းဂဏန်းသာမက သိန်းဂဏန်းအထိ ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်" ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့ကြောင် အဆိုပါ အမည်ပိုများကို ပယ်ဖျက်ပေးရန် " တိုက်တွန်း တောင်းဆိုကြရန် အကြောင်းကြားသည်" ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မဲစာရင်းတွင် အမည်ပိုများ ပါဝင်နေမှုသည် အနီးစပ်ဆုံးအဖြစ် တောင်ဥက္ကလာပ မြို့နယ်တွင် ဖြစ်ပေါ်နေပြီး မြို့နယ်အတွင်း အမှန်တစ်ကယ်မနေထိုင်သည့်သူ ရှစ်သောင်းကျော် ရှိနေသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာစောနိုင်က မဇ္ဈိမသို့ ပြောဆိုထားသည်။

အလားတူပင် ပည်ထောင်စုနယ်မြေ ရှစ်မြို့နယ်အတွက် စက်တင်ဘာ (၁၄) ရက်နေ့က ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်း ထုတ်ပြန် ကြေညာခဲ့ရာ မဲပေးခွင့်ရှိသူ ၆၀,၀၀၀ ထပ်တိုးလာခဲ့သည်။ စက်တင်ဘာ (၁၄) ရက် ထုတ်ပြန်မှုတွင် မဲဆန္ဒရှင်ဦးရေသည် ၆၇၀,၀၀၀ ကျော် ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။ သို့သော် မေလ ၂၅ ရက်တွင် ထုတ်ပြန်သည့် အခြေခံမဲဆန္ဒရှင် စာရင်းတွင် ပြည်ထောင်စုနယ်မြေ (၈) မြို့နယ်၌ မဲဆန္ဒရှင်ဦးရေစာရင်းသည် ၆၁၀,၀၀၀ ကျော်သာ ရှိခဲ့ခြင်းကြောင့် ခြောက်သောင်းကျော် ပိုလာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly