ပုလောမြို့တွင် မြန်မာ့ရိုးရာ သင်္ကြန်အတာအိုးများ ပြုလုပ်ရောင်းချနေ

ပုလောမြို့တွင် မြန်မာ့ရိုးရာ သင်္ကြန်အတာအိုးများ ပြုလုပ်ရောင်းချနေ

မတ်လ ၁၇ ၊ ပုလော ။           ။ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာတွင် သင်္ကြန်ကာလ နီးလာ၍ လက်မှုလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသောဒေသခံတချို့မှာ ဒေသထွက် မြေအတာအိုး၊ သင်္ကြန်အိုးများကို ပြုလုပ် ရောင်းချလျက်ရှိကြောင်း သိရသည်။

အတာအိုး၊ သင်္ကြန်အိုးများကို ပြုလုပ်ရာ၌ လယ်စပ်၊ ဓနိတောစပ်များမှ ရွှံ့နွံများကို ထုတ်ယူပြီး၊ ရရှိလာသော ရွှံ့စေးကို ရေငံသဲများဖြင့် အချိုးကျ ရောနယ်၍ ပုံသွင်းအိုး လုပ်ငန်းများကို လုပ်ကိုင်ရကြောင်း သိရသည်။

အဆိုပါ ပုံစံဖော်ထားသော အိုးများကို တစ်ဖန် နေပူပြန်လှန်းရပြီး၊ မြေနီအစေးကို ထောင်းချေ၍ ရရှိလာသော အမှုန့်များကို ဆေးဖျော်ကာ အိုးတွင် သုတ်လိမ်းပေး၍ ပုံသွင်းပြုလုပ်ရခြင်း ဖြစ်သည်။ သင်္ကြန်အိုးများကို နှစ်စဉ် သင်္ကြန်ကာလတွင် အများဆုံးလုပ်ဖြစ်ကြောင်း ယင်းလုပ်ငန်းကို လုပ်ကိုင်သူများထံမှ သိရသည်။

တောင်ယာကမ်းကျေးရွာနေ ဒေါ်တင်ခိုင်က“ အိုးကို ဆေးသုတ်လိမ်းပြီးတော့ မီးဖုတ်ရပါတယ်၊ အိုးပတ်ပတ် လည်မှာ ကောက်ရိုးအစိုနဲ့ မွမ်းမံပြီးတော့ ရွှံ့စေးအရည်များ သုတ်လိမ်း၍ ဝါးမီးနဲ့ ၃ နာရီခန့် ကြာအောင် မီးဖုတ်ရပြီးမှ ရောင်းတန်းဝင် တာအိုးသင်္ကြန်အိုးများကို ရရှိပါတယ်”ဟု ပြောသည်။

အဆိုပါ အရောင်းတန်းဝင် အတာအိုး၊သင်္ကြန်အိုး ၁ လုံးလျှင် ၁၇၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး လက်လီ၊ လက်ကား လာရောက်ဝယ်ယူသူများနှင့် အော်ဒါမှာယူသူများလည်း ရှိနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly