တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်အတွက် မေတ္တာဝိုင်းပို့ကြဖို့ NLD ဒုဥက္ကဋ္ဌ တိုက်တွန်း

တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်အတွက် မေတ္တာဝိုင်းပို့ကြဖို့ NLD ဒုဥက္ကဋ္ဌ တိုက်တွန်း
ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ

နေပြည်တော်(မတ်လ ၁၆ရက်၊ ၂၀၁၉ခုနှစ်)။ ။ တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်ပြီး စိုးရိမ်မှုရှိကြောင်းနှင့် တစ်ဦးနှင့်တစ်ဦး မေတ္တာထားကြရန် အာဏာရ NLD ပါတီက တိုက်တွန်းလိုက်သည်။

“ကျွန်တော်တို့က ဒီကိစ္စမှာ စိုးရိမ်တာထက် မေတ္တာတရား ခေါင်းပါးသလားတောင် မသိဘူး။ ဝိုင်းပြီးတော့ မေတ္တာပို့ပေးကြပါ။ ရခိုင်မှာ မေတ္တာတရားခေါင်းပါးနေတယ်။ သေတဲ့အထဲမှာ ရခိုင်အချင်းချင်းတောင် ပါလာတယ်” ဟု NLDပါတီ၏ ဒုဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် မတ်လ ၁၆ရက် မွန်းလွဲ ၁နာရီကစတင်ကာ အချိန် ၃နာရီကျော်ကြာ ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးအပြီးတွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး စိုးရိမ်မှုရှိ၊ မရှိ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ဒေါက်တာဇော်မြင့်မောင် က ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မန္တလေးမြို့တွင် ယမန်နေ့ကပြုလုပ်သည့် သဘင်သည်များကို ကန်တော့သည့် အခမ်းအနားတွင်လည်း ၎င်းအနေဖြင့် ပြောကြားခဲ့သေးသည်ဟုလည်း မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

“ဆိုတော့ မေတ္တာလေးတွေ ဖြန့်ဝေတာခေါ်မလား။ မေတ္တာပို့တယ်ခေါ်မလား။ ဆုတောင်းတာ မဟုတ်တော့ ဘူး။ တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံတဲ့အခါမှာ မေတ္တာတရားနဲ့ဆက်ဆံရင်  ပိုပြီးများ သင့်တော်မလား ဆိုပြီးတော့ပေါ့” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ် ရဲကင်းစခန်းကို ရခိုင်လက််နက်ကိုင်အဖွဲ့(AA) က မတ်လ ၉ရက်တွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင် ၉ဦး ကျဆုံးကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။

ထိုသို့ ဝင်တိုက်ခိုက်ပြီးနောက် တပ်မတော်နှင့် AA တို့ စစ်ရေးပဋိပက္ခဖြစ်ပွားရာ ရခိုင်ပြည်နယ်ရှိ လမ်းပန်း ဆက်သွယ်ရေးခက်ခဲသော နေရာများမှ ရဲကင်းစခန်းများကို ရုပ်သိမ်းပြီး လုံခြုံရေးစိတ်ချရသော နေရာများတွင် ပူးပေါင်းထားခဲ့သည်။

“ကျွန်တော်တို့လည်း စိုးရိမ်တာပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်တို့က ဘက်ပေါင်းစုံလုပ်နေတာပါပဲ။ ဒီကိစ္စလေး တစ်ခုကလွဲရင် ကျန်တဲ့ ဆောင်ရွက်နိုင်တာတွေ အများကြီး ရှိတယ်။ ဒီကိစ္စလေးဆိုတာ အခုတိုက်နေတာတွေနဲ့ ပတ်သက်ပြီး ပြောတာပါ” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဇောက်ချလုပ်ဆောင်နေပြီး လက်ရှိတွင် မြို့နယ် တစ်ခုမှလွဲ၍ ရခိုင်ပြည်နယ်တစ်ခုလုံး မီးလင်းတော့မည်ဟုလည်း လျှပ်စစ်မီးကဏ္ဍကို ဥပမာပေးပြီး ၎င်းက ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်ဖြစ်စေရန် ဖန်တီးလှုံ့ဆော်မှုများ ထပ်မံမဖြစ်ပွားစေရေးနှင့် ပြည်နယ် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နိုင်ရန်ဟုဆိုကာ “ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက် အကူပြုကော်မတီ”တစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း မတ်လ ၁၄ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည်။

၂၀၁၈ခုနှစ်၊ နိုဝင်ဘာလကုန်ပိုင်းမှ ခပ်စိပ်စိပ် ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် AA တို့ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင် စစ်ရှောင်ပြည်သူဦးရေ ခြောက်ထောင်ကျော်ရှိသည်ဟု ဖေဖော်ဝါရီ နောက်ဆုံးပတ်အထိ စာရင်းများကို ကိုးကားပြီး ကူညီရေးအဖွဲ့ တာဝန်ရှိသူများက ပြောဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly