မီဇိုရမ်ပြည်နယ်မှာ AA စခန်းများကို အိန္ဒိယစစ်တပ် တိုက်ခိုက်မှု ဖြစ်ပွား

By Subir Bhaumik
16 March 2019
မီဇိုရမ်ပြည်နယ်မှာ AA စခန်းများကို အိန္ဒိယစစ်တပ် တိုက်ခိုက်မှု ဖြစ်ပွား
Indian security personal on guard duty at the Mao gate at the Nagaland-Manipur state border about 30 kms from Kohima, capital of Nagaland state, northeast India. Photo: EPA

ကလကတ္တား၊ မတ်လ ၁၆ ။          ။ ရခိုင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် တိုက်ပွဲဝင်နေတဲ့ ရက္ခိုင့်တပ်(AA) အပေါ် အိန္ဒိယစစ်တပ် က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယအရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်၊ Chhimtuipui ခရိုင်မှာ အနည်းဆုံး AA စခန်း သုံးခုကို တိုက်ခိုက်ခဲ့ ကြောင်း အိန္ဒိယစစ်တပ် သတင်းရင်းမြစ်က ပြောပါတယ်။ ဒါပေမယ့် သေဆုံးဒဏ်ရာရမှုနဲ့ ဖမ်းဆီးရမိမှု အသေးစိတ်ကိုတော့ မသိရသေးပါ။

AA အပေါ် စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး အိန္ဒိယစစ်တပ် တာဝန်ရှိသူတွေက နှုတ်ဆိတ်ထားပါတယ်။

ဒါပေမယ့် အမည်မဖော်တဲ့ အိန္ဒိယအကြီးတန်း စစ်တပ်တာဝန်ရှိသူတစ်ဦးက ဒါဟာ အပြန်အလှန် သဘောနဲ့ စစ်ဆင်ရေး ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ ဖေဖော်ဝါရီလအစောပိုင်းက မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းမှာ ခြေကုပ်ယူတဲ့ အိန္ဒိယအရှေ့မြောက်ပိုင်းသူပုန်တွေကို မြန်မာစစ်တပ်က စစ်ဆင်ရေး ဆောင်ရွက်ခဲ့ခြင်းအတွက် ပြန်လှန်ကျေးဇူးပြုတာအဖြစ် ၎င်းက ပြောပါတယ်။

AA ကို စစ်ဆင်ရေး ဆောင်ရွက်တာမှာ ဖေဖော်ဝါရီ နောက်ဆုံးသီတင်းပတ်ကစပြီး မတ်လလယ်ထိ ဆက်လက် ဆောင်ရွက်မှာဖြစ်တယ်လို့လည်း ၎င်းက ပြောပါတယ်။

မြန်မာနိုင်ငံ၊ ချင်းပြည်နယ်နဲ့ ကပ်လျက် အိန္ဒိယ၊  မီဇိုရမ်ပြည်နယ်က အစွန်အဖျား Chhimtuipui ခရိုင်မှာ အိန္ဒိယစစ်တပ် စစ်ဆင်ရေး ဆင်နွှဲနေတာကို သိရှိကြောင်း မြန်မာစစ်တပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ထိပ်တိုက်တွေ့မှု ဖြစ်ပွားပြီးနောက်မှာ AA တပ်ဖွဲ့ဟာ မကြာသေးမီက မြန်မာစစ်သား ၁၁ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးသွားပြီး လက်နက်တွေပါ သိမ်းယူသွားခဲ့ပါတယ်။ ဒါပေမယ့် မတ်လ ၁၅ ရက်ကတော့ ဖမ်းသွားတဲ့ ၁၁ ဦးထဲကနေ အရပ်သား ၇ ဦးကို ပြန်လွှတ်ပေးဖို့ ရှိနေတယ် လို့ AA ပြောခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်၊ စစ်တကောင်းတောင်ကြားမှာ အခြေစိုက်စခန်းတွေ ရှိတယ်ဆိုတဲ့ AA ရဲ့ တိုက်ခိုက်မှုတွေအတွင်း မြန်မာစစ်သားနဲ့ ရဲ ၂၀ ကျော်ထက်မနည်း သေဆုံးခဲ့ပါတယ်လို့ သတင်းများအရ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly