လွိုင်ကော်ရှိ ဗိုလ်ချုပ်ကြေးရုပ်တုကို လုံခြုံရေး တင်းကျပ်စွာချထား

လွိုင်ကော်ရှိ ဗိုလ်ချုပ်ကြေးရုပ်တုကို လုံခြုံရေး တင်းကျပ်စွာချထား
ဓာတ်ပုံ- ကယားပြည်နယ် အစိုးရအဖွဲ့

ရန်ကုန် ၊ မတ် ၁၆ ။         ။ ဒေသခံပြည်သူများ၏ ဆန္ဒ မပါဝင်ဘဲ လွိုင်ကော်မြို့၊ ကန္တာဟေဝန်ပန်းခြံ၌ စိုက်ထူထားသော ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်တုအနီး၌ ရဲတပ်ဖွဲ့မှ လုံခြုံရေး တင်းကျပ်စွာချထားသည်ဟု ကရင်နီပြည်လူငယ်များ အင်အားစု၏ ပြောရေးဆိုခွင့်ရှိသူ ခွန်သောမတ်က မဇ္စျိမသို့ ပြောသည်။

“အဓိကတော့ ပန်းခြံနားမှာ ရဲအင်အား လေး၊ ငါးရာ ကို သင်တန်းပေးနေတဲ့ပုံစံမျိုးနဲ့ ဆန္ဒပြပွဲတွေဖြစ်လာခဲ့သော် အကြမ်းဖက်နှိမ်နင်းတဲ့ပုံစံမျိုးနဲ့ ချထားတာရှိတယ်။ နဂို နှစ်ယောက်၊ သုံးယောက် စောင့်တဲ့နေရာ အခု ကိုးယောက်၊ ဆယ်ယောက် ချထားတယ်” ဟု ခွန်သောမတ်က ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က စတင်ပြီး ပန်းခြံ ခြံစည်းရိုးကို နဂိုရှိရင်းစွဲထက် ပိုမိုမြင့်မားစွာ တည်ဆောက် နေပြီး သံဆူးကြိုးများကို ထပ်မံကာရံနေသည်ကို တွေ့ရကြောင်း ၄င်းက ထပ်လောင်းပြောဆိုသည်။

ရုပ်တုစိုက်ထူခြင်းအား အစဉ်တစိုက် ကန့်ကွက်နေခဲ့သည့် ကရင်နီပြည်လူငယ်များအင်အားစုအနေဖြင့် အစိုးရ ကို တောင်းဆိုထားသည့် မတ်လ ၁၇ ရက်နေ့အထိ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ခွန်သောမတ်က ဆိုသည်။

“အစိုးရက ဒီကိစ္စအပေါ်မှာ ကောင်းကောင်းမွန်မွန် ဖြေရှင်းမှုမရှိဘူးဆိုရင် ကျွန်တော်တို့ပြောထားတဲ့ လူထုအား နဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို ဂုဏ်သိက္ခာရှိရှိနဲ့ ဖယ်ရှားသွားမှာပါ” ဟု ခွန်သောမတ်က ပြောသည်။

ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားပေးရေးအတွက် ဖေဖော်ဝါရီလ ၁၂ ရက်(ပြည်ထောင်စုနေ့)က ကယားပြည်နယ် အတွင်း လူဦးရေ ထောင်နှင့်ချီဆန္ဒထုတ်ဖော်ခဲ့ပြီး ရဲတပ်ဖွဲ့မှ ရော်ဘာကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လူဦးရေ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယင်းနောက် အစိုးရနှင့် ဆန္ဒပြလူငယ်များအကြား ညှိနှိုင်းမှုအချို့အရ ဆန္ဒပြမှုများ ရပ်တန့်ထားပြီး ဗိုလ်ချုပ်ကြေးရုပ်တုဖြစ်မြောက်ရေးကော်မတီနှင့် ကရင်နီပြည်သူများကိုယ်စားပြုညှိနှိုင်းရေးကော်မတီတို့ အကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

သို့သော်လည်း ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ကယားပြည်နယ်အစိုးရက တည်ဆောက်လာခဲ့ခြင်းဖြစ်ပြီး ကြေးရုပ် ဖြစ်မြောက်ရေးကေ်ာမတီအနေဖြင့်  အုတ်ခုံပေါ်သို့ ကြေးရုပ်သယ်ဆောင်ခြင်း နှင့် ဖွင့်ပွဲကျင်းပခြင်းသာ တာဝန်ယူခဲ့ရခြင်းဖြစ်ကြောင်း ညှိနှိုင်းမှုအစည်းအဝေးတွင် ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီဘက်မှ ပြောဆိုခဲ့ခြင်းကြောင့် ညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့ကာ ဆွေးနွေးပွဲပျက်ခဲ့သည်။

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိစ္စနှင့် ပတ်သက်ပြီး ကရင်နီပြည် ပြည်သူများ ကိုယ်စားပြု ညှိနှိုင်းရေးကော်မတီ နှင့် အစိုးရအကြား သဘောတူညီထားခဲ့သည့် ညှိနှိုင်းဆွေးနွေးမှုများသည် အဆုံးသတ် သွားပြီ ဖြစ်ကာ ကြေးရုပ်တုဖယ်ရှားရေးကိစ္စရပ်မှာ ကယားပြည်နယ်အစိုးရအဖွဲ့၏ တာဝန်သာဖြစ်သည်ဟု ကရင်နီပြည် ပြည်သူများကိုယ်စားပြုညှိနှိုင်းရေးကော်မတီမှ ဖေဖော်ဝါရီ ၁၇ ရက်နေ့ တွင် သတင်းထုတ်ပြန်ထားသည်။  
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly