ရာသီဥတု ပြောင်းလဲမှုအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ လူငယ်များ ဆန္ဒပြပွဲ ကမ္ဘာတစ်ဝန်းမှာ ကျင်းပ

ရာသီဥတု ပြောင်းလဲမှုအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ လူငယ်များ ဆန္ဒပြပွဲ ကမ္ဘာတစ်ဝန်းမှာ ကျင်းပ

နယူးဒေလီ၊ မတ် ၁၅ ။         ။ ရာသီဥတုပြောင်းလဲမှုကို အရေးတယူ ဖြေရှင်းဆောင်ရွက်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို တွန်းအားပေးလျက် ရှိနေကြပါတယ်။

ဒီလို အချိန်ကာလမှာ တစ်ကမ္ဘာလုံးဆိုင်ရာ ကျောင်းသားများ ဆန္ဒပြနေ့အဖြစ် မတ် ၁၅ ရက် သောကြာနေ့မှာတော့ ကမ္ဘာအနှံ့မှာ ကျောင်းသားလူငယ်ထောင်သောင်းများစွာဟာ ကျောင်းမတက်ကြတော့ဘဲ လမ်းပေါ်ထွက် စုရုံးချီတက်လို့ ရာသီဥတုပြောင်းလဲရေးအပေါ် ဖြေရှင်းပေးရေး တောင်းဆိုဆန္ဒပြကြပါတယ်။

ဘန်ကောက်ကနေ ဘာလင်အထိ၊ လာဂိုကနေ လန်ဒန်အထိ ကမ္ဘာ့မြို့ကြီးတွေက စာသင်ခန်းတွေဟာ အခန်းလွတ်တွေ ဖြစ်သွားခဲ့ပါတယ်။ ကျောင်းသားတွေဟာ ကိုယ်စီကိုယ်စီ စုရုံးလို့ ရာသီဥတုအတွက် တောင်းဆိုဆန္ဒပြကြတာကြောင့်ပဲ ဖြစ်ပါတယ်။

နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ဆန္ဒပြပွဲပေါင်း ၁၀၀၀ ကျော် ရှိမယ်လို့ ဒီဆန္ဒပြပွဲတွေကို ကျင်းပစီစဉ်သူတွေက မျှော်လင့်ထားကြပါတယ်။

ကင်ညာမှာဆို ကျောင်းသားတွေဟာ နိုင်ရိုဘီမြို့တော်က ကာရူရာတောကို ဖြတ်ပြီး စုရုံးချီတက်လို့ ဆန္ဒပြကြပါတယ်။ နယူးဇီလန်မှာလည်း ဝဲလ်လင်တန်မြို့တော်က လမ်းတွေမှာ ကျောင်းသားတွေနဲ့ ပြည့်နှက်သွားခဲ့ပါတယ်။

ကမ္ဘာ့ လေထုအညစ်ညမ်းဆုံးမြို့တွေမှာ တစ်မြို့အပါအဝင်ဖြစ်တဲ့ နယူးဒေလီမြို့မှာဆိုရင် ဆန္ဒပြကျောင်းသားအင်အားဟာ ၂၀၀ နီးပါး ရှိပါတယ်။ ဂျပန်ရဲ့ တိုကျိုမြို့တော်၊ တောင်ကိုရီးယားက ဆိုးလ်မြို့တော်နဲ့

ဟောင်ကောင်စတဲ့ ကမ္ဘာ့မြို့တော်ကြီးတွေမှာ ဒီကနေ့ သောကြာနေ့မှာတော့ ကျောင်းသားလူငယ်တွေရဲ့ ဆန္ဒပြပွဲတွေ လမ်းတွေပေါ်မှာ ဆင်နွှဲနေကြတော့တာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly