တနင်္သာရီဝန်ကြီးချုပ်နှင့်အမှုတွဲ ကုမ္ပဏီအရာရှိသည် CB ဘဏ် ဒုဥက္ကဋ္ဌဟောင်းဖြစ်

By ခင်မို့မို့လွင်
15 March 2019
တနင်္သာရီဝန်ကြီးချုပ်နှင့်အမှုတွဲ ကုမ္ပဏီအရာရှိသည် CB ဘဏ် ဒုဥက္ကဋ္ဌဟောင်းဖြစ်
၂၀၁၅ အတွင်းက CB ဘဏ်၏ သင်တန်းဆင်းပွဲတစ်ခုတွင် တွေ့ရသည့် ဦးသိန်းထွေး (ဓာတ်ပုံ - CB BANK မျိုးဆက်သစ်များ Facebook Page)

တနင်္သာရီဝန်ကြီးချုပ်နှင့်အတူ အဂတိ စွပ်စွဲချက်များဖြင့် ပြီးခဲ့သည့်သီတင်းပတ်က ထိန်းသိမ်းခံလိုက်ရသည့် GGS ကုမ္ပဏီ မန်းနေးဂျင်းဒါရိုက်တာ ဦးသိန်းထွေးသည် သမဝါယမဘဏ် (CB ဘဏ်) ၏ ဒုဥက္ကဋ္ဌ ရာထူးမှ လွန်ခဲ့သည့်နှစ်များကတည်းက အနားယူသွားသူဖြစ်ပြီး ၎င်းဖမ်းဆီးခံရခြင်းသည် ဘဏ်အပေါ် ရိုက်ခတ်မှု တစုံတရာမရှိနိုင်ဟု ဘဏ်၏ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။

ဝန်ကြီးချုပ်ဒေါ်လဲ့လဲ့မော်နှင့်အတူ အမှုတွဲအဖြစ် Global Grand Services (GGS) ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံ တို့ကိုလည်း ရဲကထိန်းသိမ်းခဲ့သည်။ The Voice သတင်းဌာနက ဦးသိန်းထွေးသည် ရန်ကုန်တွင် ထိန်းသိမ်းခံရခြင်းဖြစ်ပြီး မတ် ၁၃ တွင် ထားဝယ်သို့ ပြောင်းရွှေ့ထိန်းသိမ်းထား သည်ဟု ဆိုသည်။

ဦးသိန်းထွေးသည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ ဖြင့် ရင်ဆိုင်နေရသည်။ ၎င်း၏ကုမ္ပဏီသည် ထားဝယ်ခရိုင် လျှပ်စစ်မီးပေးရေးလုပ်ငန်းကို ရရှိထားသူဖြစ်ပြီး နိုင်ငံတော်အပေါ် ဓာတ်ငွေ့ဖိုးအကြွေး ကျပ်သန်း ၈,၀၀၀ ကျော် တင်ရှိနေသည်ဟု စွပ်စွဲခံထားရသူဖြစ်သည်။

အခု လက်ရှိမှာ CB ဘဏ်ရဲ့ ဒုဥက္ကဋ္ဌ မဟုတ်ဘူး။ သူ့ GGS ကုမ္ပဏီ နဲ့ ဘဏ်နဲ့ ဆိုတာလည်း ဘာမှ မပတ်သက်ဘူး။ သန်း ၈,၀၀၀ အကြွေးဆိုတာလည်း ဘဏ်နဲ့ မပတ်သက်ဘူး ပြောနိုင်တယ်။ ဘယ်ဟာမှ စိုးရိမ်စရာ မရှိသလို အခုချိန်ထိ ပုံမှန်ပဲ သွားနေတယ် ဘာပြဿနာမှလည်း မရှိဘူးဟု ဘဏ်၏ အထွေထွေမန်နေဂျာ ဦးဇေယျာကျော်က Myanmar Now နှင့် ယနေ့ သီးသန့်တွေ့ဆုံစဉ် ပြောသည်။

CB ဘဏ်တွင် ရှယ်ယာရှင်ပေါင်း သောင်းချီရှိပြီး ယင်းတို့အနက်မှ နှစ်စဉ် ဒါရိုက်တာများကို ရွေးချယ်လေ့ ရှိသဖြင့် ဦးသိန်းထွေးကိုလည်း ဒုဥက္ကဋ္ဌ တစ်ဦးအဖြစ် ရွေးချယ် ခန့်အပ်ခဲ့ဖူးကြောင်း၊ လက်ရှိအချိန်တွင် ၎င်းသည် Sleeping Director (ယခင်က ဒါရိုက်တာအဖွဲ့ဝင် ဖြစ်ခဲ့သော်လည်း လက်ရှိတွင် ခေတ္တအနားယူထားသူ) အဖြစ်ရှိနေကြောင်း ဘဏ်၏ အထွေထွေမန်နေဂျာ ဦးဇေယျာကျော်က ပြောသည်။ သို့သော် ရှယ်ယာ မည်မျှပိုင်ဆိုင်သည်ဆိုသည်နှင့် မည်သည့်နှစ်ကာလများတွင် ဘဏ်၏ ဒုဥက္ကဋ္ဌတာဝန် ယူခဲ့သည် ဆိုသည်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါ။

Myanmar Now ကရရှိသည့် အထောက်အထားများအရ ဦးသိန်းထွေးသည် ၂၀၁၇ ဖေဖော်ဝါရီလ ရက်အထိ CB ဘဏ်၏ ဒုဥက္ကဋ္ဌ () အဖြစ် ရှိနေခဲ့သည်။ သို့သော် CB ဘဏ်၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည့် လက်ရှိ ဒါရိုက်တာဘုတ်အဖွဲ့ စာရင်းတွင်တော့ သူ၏အမည်ကို မတွေ့ရှိရပါ။

သူက GGS (ရဲ့) MD (မန်းနေးဂျင်းဒါရိုက်တာ) ရယ်လို့ကို ကျွန်တော်တို့ မသိတာ။ GGS ထောင်ထားမှန်းကို မသိတာ။ ကျွန်တော်တို့ ဒါရိုက်တာတွေမှာ ကုမ္ပဏီတွေ အများကြီး ရှိတာကိုး။ သူဆို အလှကုန်ပစ္စည်း ရောင်းတယ်တို့ အဲဒါပဲ သိထားတာ။ ကျွန်တော်တို့ဆီ အစိုးရကလည်း လာစစ်တာ မရှိဘူး။ ဘယ်ကမှလည်း ဘာမှ လာပြောတာ မရှိဘူးဟု ဦးဇေယျာကျော်ကပြောသည်။

ဦးသိန်းထွေး၏ GGS ကုမ္ပဏီသည် ဒေါက်တာ လဲ့လဲ့မော်၏ မိသားစု ပိုင်ဆိုင်သည့် မြိတ်-ထားဝယ် ကားလမ်းဘေးရှိ ကာလတန်ဖိုး သိန်း ၃၂၀ ခန့်သာ တန်ကြေးရှိသည့် နှစ်ထပ်နေအိမ်နှင့် ဝိုင်းမြေကို တန်ဖိုးထက် ခြောက်ဆခန့်ပိုပေးကာ ကျပ်သိန်း ၂၀၀၀ ဖြင့် ဝယ်ယူခဲ့ကြောင်း အဂတိ တိုက်ဖျက်ရေး ကော်မရှင်က စွပ်စွဲထားသည်။

ယင်းကဲ့သို့ ဝယ်ယူခြင်းအတွက် အပြန်အလှန်အားဖြင့် GGS ကုမ္ပဏီအား သရက်ချောင်း ငါးလေလံဈေး တည်ဆောက်ခြင်း၊ ထားဝယ်ခရိုင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ထားဝယ်မြို့ ခြင်းလုံးရုံ တည်ဆောက်ခြင်း၊ ပုလောမြို့ မြို့တော်ခန်းမ တည်ဆောက်ခြင်း၊ ထားဝယ်နှင့် မြိတ်တွင် ခြောက်ခန်းတွဲ လေးထပ် တန်ဖိုးနည်း အငှားအိမ်ရာလေးလုံး တည်ဆောက်ခြင်း၊ နေပြည်တော်တွင် တနင်္သာရီတိုင်း ဧည့်ရိပ်သာနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခဲ့သည် ဟုလည်း ကော်မရှင်ကစွပ်စွဲခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓါတ်အား ထုတ်လုပ် ရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ချုပ်ဆိုခဲ့ပြီး လုပ်ကိုင်ခွင့်ပြုသူ နေရာတွင် တိုင်းအစိုးရအဖွဲ့ကိုယ်စား အတွင်းရေးမှူးနှင့်၊ လုပ်ကိုင်ခွင့်ရသူ နေရာတွင် GGS ကုမ္ပဏီကိုယ်စား ဦးသိန်းထွေးတို့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ စာချုပ်ပါ စည်းကမ်းချက်များအတိုင်း အကောင်အထည်ဖော်ရေး ကြီးကြပ်ရန် ပျက်ကွက်သဖြင့် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်ရာရောက်ကြောင်း ကော်မရှင်က ထုတ်ပြန်သည်။

၂၀၁၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ စစ်ဆေးသည့်အချိန်အထိ သဘာဝဓါတ်ငွေ့ဖိုး ကျပ်သန်း ၈,၀၀၀ ကျော်ကို ပေးချေရန် တာဝန်ရှိသည့် GGS ကုမ္ပဏီဘက်မှ ပေးချေရန် ပျက်ကွက်နေကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ စိုက်ထုတ်ကျခံခဲ့ရသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများ ထိခိုက်နစ်နာဆုံးရှုံးမှုရှိကြောင်း ပေါ်ပေါက်မှုအပေါ် အဆိုပါလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် GGS ကုမ္ပဏီမှ ဦးသိန်းထွေးနှင့် ဦးအောင်မြတ်တို့သည် အဂတိလိုက်စားမှုဖြင့် ငြိစွန်းကြောင်း တွေ့ရှိရသည်ဟုလည်း ကော်မရှင်က စွပ်စွဲထားသည်။

အကျင့်ပျက် ခြစားသည်ဆိုသည့် စွပ်စွဲချက်များဖြင့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ကို ရဲက ပြီးခဲ့သည့် တနင်္ဂနွေနေ့က မြန်မာပြည်တောင်ဘက်စွန်း ကော့သောင်းမြို့တွင် ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

ည ၇း၁၅ ဖြည့်စွက်ချက်

သတင်းတွင် ဦးသိန်းထွေးအား Sleeping Director (ယခင်က ဒါရိုက်တာအဖွဲ့ဝင် ဖြစ်ခဲ့သော်လည်း လက်ရှိတွင် ခေတ္တအနားယူထားသူ) ဟု ဖော်ပြခဲ့ပါသည်။
သို့သော် သူသည် Sleeping Director အဖြစ်မှလည်း အနားယူထားပြီး လက်ရှိအချိန်တွင် ဘဏ်၏ အစုရှယ်ယာဝင်အနေဖြင့်သာ ရှိနေကြောင်း CB ဘဏ်က ထပ်မံဆက်သွယ်ပြောကြားခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required