ဟိန္ဒူ နှင့် မွတ်စလင်ဘာသာဝင်များကို မှတ်ပုံတင်ထုတ်ပေးရာတွင် ခွဲခြားမှုများကို အမြန်ဆုံး ကိုင်တွယ်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ကတိပေး

ဟိန္ဒူ နှင့် မွတ်စလင်ဘာသာဝင်များကို မှတ်ပုံတင်ထုတ်ပေးရာတွင် ခွဲခြားမှုများကို အမြန်ဆုံး ကိုင်တွယ်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ကတိပေး
ဓာတ်ပုံ- Myanmar State Counsellor Office

ရန်ကုန် ၊ မတ် ၁၅ ။      ။ ဟိန္ဒူဘာသာဝင်များနှင့်  မွတ်စလင်ဘာသာဝင်များကို မှတ်ပုံတင်နှင့် နိုင်ငံကူးလက်မှတ်များ ပြုလုပ်ရာတွင် ကြုံတွေ့နေရသည့် ခွဲခြားဆက်ဆံခံနေရမှုများအား အမြန်ဆုံးကိုင်တွယ်ဖြေရှင်းသွားမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကတိပေးပြောဆိုခဲ့သည်။

“ဟိန္ဒူဘာသာဝင်တွေနဲ့ မွတ်စလင်ဘာသာဝင်တွေကိုမှတ်ပုံတင်ပေးတဲ့အခါမှာ ခွဲခြားဆက်ဆံတယ် ဆိုတဲ့ ကိစ္စကို အမြန်ဆုံး လုပ်ပါ့မယ်။ ကျွန်မနေပြည်တော်ပြန်ရောက်တဲ့အခါမှာ ဒီကိစ္စကို လဝကဝန်ကြီးနဲ့ အမြန်ဆုံး ဖြေရှင်းပါ့မယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကတိပေးခဲ့ခြင်းဖြစ်သည်။

မတ်လ ၁၅ ရက်နေ့က ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် ပြည်သူလူထုနှင့်တွေ့ဆုံစဉ် ပြည်သူတစ်ဦး၏ မေးခွန်း မေးမြန်းလာမှုကို အထက်ပါအတိုင်း ဖြေကြားသွားခြင်း ဖြစ်သည်။

 “ကျွန်မတို့နိုင်ငံကို မှီတင်းနေထိုင်တဲ့ သူအားလုံးကို မျှမျှတတ ဆက်ဆံတာဟာ ကျွန်မတို့ရဲ့ ဂုဏ်သိက္ခာပါပဲ” ဟု မတ်လ ၁၅ ရက်နေ့က ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၌  ပြည်သူလူထုနှင့်တွေ့ဆုံစဉ် ၄င်းက ပြောဆိုခဲ့သည်။

ယင်းတွေ့ဆုံပွဲ၌ ဒေသခံပြည်သူတစ်ဦးမှ မှတ်ပုံတင်ပြုလုပ်ရာတွင် ငွေကြေးတစ်စုံတရာပေးမှ ပြုလုပ်ပေး ကြောင်း နှင့် ဟိန္ဒူဘာသာဝင်များနှင့် မွတ်စလင်ဘာသာဝင်များကို မှတ်ပုံတင်ပြုလုပ်ပေးရာတွင်ခွဲခြားမှုများ ကြုံနေရကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို တိုင်တန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ မည်သည့် ဘာသာကိုးကွယ်သူဖြစ်စေ ခွဲခြားဆက်ခံခြင်းမပြုရ ဟု သတ်မှတ် ပြဋ္ဌာန်းထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် လပိုင်းများက စတင်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ သွားရောက်ကာ သက်ဆိုင်ရာအစိုးရအဖွဲ့အပြင် ဒေသခံပြည်သူများနှင့် တွေ့ဆုံမှုများ ပြုလုပ်နေခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required