အစိုးရ ဖွဲ့စည်းလိုက်သည့် ရခိုင်ကော်မတီအသစ်တွင်ပါဝင်ရန် ရခိုင်အမတ် မဆုံးဖြတ်ရသေး

အစိုးရ ဖွဲ့စည်းလိုက်သည့် ရခိုင်ကော်မတီအသစ်တွင်ပါဝင်ရန် ရခိုင်အမတ် မဆုံးဖြတ်ရသေး
AA နှင့် တပ်မတော်ကြားဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံများ။ ဓာတ်ပုံ - အေးချမ်းခိုင်

ရန်ကုန် ၊ မတ် ၁၅ ။    ။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီကို နိုင်ငံတော်သမ္မတက မတ်လ ၁၄ ရက် နေ့တွင် ဖွဲ့စည်းပေးခဲ့ပြီးနောက် အဆိုပါကော်မတီ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခြင်း ပြု၊မပြုကို ယတိပြတ် မဆုံးဖြတ် ရသေးကြောင်း ရခိုင်လူမျိုး လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

အဆိုပါ ကော်မတီအဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံထားရသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ က ကော်မတီလုပ်ငန်းစဉ်များအား အသေးစိတ်သိရှိပြီးမှသာ ပါဝင်ဆောင်ရွက်ခြင်း ပြု၊မပြုကို ဆုံးဖြတ်မည်ဟု မဇ္စျိမသို့ အတည်ပြုပြောဆိုထားသည်။

“ကျွန်မအနေနဲ့ နိုင်ငံရေးအပေါ်မှာ စပြီးလုပ်ကတည်းက ကိုယ်ရဲ့နိုင်ငံ၊ကိုယ်ရဲ့ရခိုင်လူမျိုးအပေါ်မှာ ကောင်းကျိုး ရှိမယ့် ဘယ်ကိစ္စမဆို ဆောင်ရွက်ဖို့ ကျွန်မ သန္နိဋ္ဌာန် ချထားပြီးသားပါ။ ကော်မတီမှာ ကျွန်မနာမည်ထည့်ထားတာတောင် လူမှုကွန်ရက်ကတဆင့်သိရတာဖြစ်ပါတယ်။ ကော်မတီနဲ့ ပတ်သက်ပြီး ဂဃဏန သိရတဲ့အချိန်ကျရင်တော့ ဆုံးဖြတ်နိုင်မှာပါ” ဟု ဒေါ်ထုမေက ဆိုသည်။

သို့သော်လည်း ဒေါ်ထုမေ၏ မိခင်ပါတီဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်သူ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်သည် အစိုးရက ဖွဲ့စည်းပေးထားသည့် ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်း ခံထားရသည်။

ရခိုင်ပြည်နယ်တွင်း အင်အားကြီးပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီမှ ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ဦးဦးလှစောကိုလည်း အသစ်ဖွဲ့စည်းလိုက်သည့်ကော်မတီ၌အဖွဲ့ဝင်အဖြစ်ထည့်သွင်းထားရာ ကော်မတီလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခြင်း ပြုမပြုကို မဇ္စျိမအနေဖြင့် ဦးဦးလှစောထံ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရရှိသေးပေ။

ဦးဦးလှစော၏ မိခင်ပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီ အနေဖြင့် ကော်မတီ လုပ်ငန်းစဉ်များအား ပူးပေါင်း ဆောင်ရွက်ခြင်း ပြု၊မပြုကို ပါတီဗဟိုကော်မတီအတွင်း၌ ဆွေးနွေးပြီးမှသာ ပြောနိုင်မည်ဟု ပါတီ ပြောရေး ဆိုခွင့်ရှိသူ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဆိုသည်။

“ရခိုင်ပြည်နယ်မှာ ဘာကြောင့်တိုက်ပွဲတွေဖြစ်ပွားရသလဲ။ ဘာဖြစ်လို့ လက်နက်ကိုင်တပ်ဖွဲ့တွေ ပေါ်လာသလဲ ဆိုတဲ့ အရင်းအမြစ်ကို သေသေချာချာ မစူးစမ်းမလေ့လာဘဲနဲ့ လူများ အမြင်ကောင်းရုံလောက်တင် ဆေးမြှီးတို နဲ့ ကုချင်တဲ့ ပုံစံမျိုးနဲ့ ကော်မတီဖွဲ့တာတော့ အလကားပဲလို့ ကျွန်တော်မြင်တယ်” ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။

ယင်းသို့ ပြောဆိုချက်သည် တစ်ဦးချင်းသုံးသပ်ပြောဆိုချက်သာဖြစ်ပြီး ပါတီအနေဖြင့် ဆွေးနွေး သွားရဦးမည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်(AA) တို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလာနေပြီး ပြည်နယ် အတွင်း၌ ပဋိပက္ခ တိုးလာချိန်တွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီကို သမ္မတဦးဝင်းမြင့် မှ ဖွဲ့စည်းတာဝန်ပေးလိုက်ခြင်းလည်းဖြစ်သည်။

အဆိုပါကော်မတီ၌ ရခိုင်လူမျိုး အများစုပါဝင်ပြီး ဥက္ကဋ္ဌအဖြစ် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင် ၊ ဒုဥက္ကဋ္ဌ(၁) အဖြစ် ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ၊ ဒုဥက္ကဋ္ဌ(၂) အဖြစ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့မှ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကော်မတီအတွင်းရေးမှူးအဖြစ် ကော်မတီ ဥက္ကဋ္ဌ ဦးအေးသာအောင် မှ တာဝန်ပေးအပ်မည့် လူက ဆောင်ရွက်သွားရမည်လည်း ဖြစ်သည်။ ကော်မတီ ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ(၁) နှင့် ဒုဥက္ကဋ္ဌ (၂) စသည့် ထိပ်ပိုင်း တာဝန်ရှိသူများအားလုံးသည် ရခိုင်လူမျိုးများဖြစ်သည်။

ကော်မတီအဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ရခိုင်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ သိပ္ပံနှင့် နည်းပညာ ဒုဝန်ကြီးဟောင်း ဦးညီလှငယ်၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစော၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးမောင်မောင်အုန်းနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦး စုစုပေါင်း (၁၄) ဦးဖြင့် ပါဝင်ဖွဲ့စည်းထားသည်။

ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်းလေ့လာခြင်းများ တွေ့သင့်၊တွေ့ထိုက် သူများနှင့် တွေ့ဆုံပြီး အစိုးရ၏ မူဝါဒများကို ရှင်းလင်းပြောပြခြင်း ၊ အကြံဉာဏ်များ ရယူကာ ဆောင်ရွက်သင့်သည်များကို သမ္မတထံ အကြံပြုတင်ပြရမည်လည်းဖြစ်သည်။

ယင်းအပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လွှတ်တော်နှင့် ပြည်သူများအကြား စေ့စပ်ညှိနှိုင်းပေးရန် ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် စီမံကိန်းများ ၊ ဆွေးနွေးပွဲများ လုပ်ရန် သမ္မတရုံးကို တင်ပြပြီး  ဆောင်ရွက်ရမည်ဟုလည်း ကော်မတီလုပ်ငန်းစဉ်များတွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly