အစိုးရအနေနဲ့ ပြည်သူကို တပတ်ရိုက်ဖို့ လှည့်စားဖို့ မစဉ်းစားပါနဲ့လို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး

By မျိုးထွန်းနိုင်
15 March 2019
အစိုးရအနေနဲ့ ပြည်သူကို တပတ်ရိုက်ဖို့ လှည့်စားဖို့ မစဉ်းစားပါနဲ့လို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး
ဓာတ်ပုံ- Myanmar State Counsellor Office

ရန်ကုန်၊ မတ် ၁၅ ။     ။ အစိုးရအနေနဲ့ ပြည်သူကို တပတ်ရိုက်ဖို့ လှည့်စားဖို့ မစဉ်းစားပါနဲ့၊ ပြည်သူတွေက သိပါတယ်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သတိပေးပြောကြားလိုက်သည်။

မတ်လ ၁၅ ရက်နေ့က ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် ပြည်သူလူထုနှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားသွားခြင်း ဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူကိုတာဝန်ခံသည့် အစိုးရတစ်ခုသည် ဘာပဲလုပ်လုပ် ဘာကြောင့်လုပ်တယ်ဆိုသည်ကို ပြည်သူကို ရှင်းပြနိုင်သည့် အခြေအနေရှိရမည်ဟု ဆိုခဲ့ပြီး  ဘာကြောင့် လုပ်တယ်ဆိုသည်ကို မရှင်းပြနိုင်ပါက တစ်ခုခု မှားနေပြီဖြစ်ကြောင်း အစိုးရအဖွဲ့ဝင်များကို သတိပေးခဲ့သည်။

“အစိုးရတာဝန်ကို ထမ်း ဆောင်နေတဲ့ ပုဂ္ဂိုလ်များ အားလုံးဟာ ပြည်သူတွေရဲ့ မေးခွန်းကို ဖြောင့်ဖြောင့်မတ်မတ် ဖြေနိုင်ရမယ်။ တစ်ခါ တလေ နိုင်ငံရဲ့ လုံခြုံရေးအရ အလုံးစုံ မဖြေနိုင်ဘူးဆိုရင်တောင် ဖြေသမျှဟာ မှန်မှန် ကန်ကန်ပဲ ဖြစ်ရမယ်။ ဖြေနိုင်တာကို ဖြေပါ။ မှန်မှန်ကန်ကန် မဖြေနိုင်တဲ့ဟာကို အခုအချိန်မှာတော့ အဖြေ မပေးနိုင်ဘူးဆိုတာကို မှန်မှန်ကန်ကန်ပြောပါ။ ပြည်သူကိုတော့ တပတ်ရိုက်ဖို့ မစဉ်းစားပါနဲ့။ လှည့်စားဖို့ မစဉ်းစားပါနဲ့ ။ ပြည်သူက လည်း သိပါတယ်လို့ သတိပေးချင်ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့အပြင် အစိုးရအဖွဲ့ဝင်များအနေဖြင့် ပြည်သူများကို အထင်မသေးရန်နှင့် ပြည်သူများသည် ကိုယ်တိုင်နိုင်ငံရေး မလုပ်နိုင်သော်လည်း အစိုးရတာဝန်ထမ်းဆောင်နေသည့်သူများ အမှားလုပ်ပါက မြင်ကြ၊သိကြကြောင်း ဇာတ် မင်းသားကြီး ဦးဖိုးစိန် ၊ဆိုင်းဆရာကြီး စိန်ဗေဒါတို့နှင့် ဥပမာပေးကာ သတိပေးမှုများ ပြုလုပ်ခဲ့သည်။

“ဝေဖန်တဲ့နေရာမှာလည်း စေတနာနဲ့တော့ ဝေဖန်စေချင်တယ်။ ပြည်သူများဟာ အစိုးရရဲ့ လုပ်ရပ်တွေ ဝန်ထမ်းတွေရဲ့ လုပ်ရပ်တွေကို ဝေဖန်နိုင်တဲ့ အခွင့်အရေးရှိပါတယ်။ ဒီဝေဖန်နိုင်တဲ့အခွင့်အရေးကို သုံးတဲ့ အခါမှာ နိုင်ငံရဲ့ ညီညွတ်ရေး၊ စည်းလုံးရေး ၊ တည်ငြိမ်ရေးကို ဦးတည်ပြီး စေတနာနဲ့ ဝေဖန်ပါ။ အပြုသဘောနဲ့ ဝေဖန်ပါလို့ မေတ္တာရပ်ခံပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။

ဤကဲ့သို့ အစိုးရအဖွဲ့နှင့် ပြည်သူများကို ပြောဆိုနေရခြင်းမှာ အစိုးရအဖွဲ့နှင့် ဝန်ထမ်းများ အရည်အချင်းရှိစေရန်၊ နိုင်ငံတိုးတက်စေရန်၊ ပြည်သူလူထု ချမ်းသာစေရန်အတွက် ပြောဆိုရခြင်းသာ ဖြစ်ကြောင်း ပြည်သူလူထု အနေဖြင့်  အစိုးရနှင့် ဝန်ထမ်းများကို ပြုပြင်နိုင်စေရန်အတွက် စေတနာ၊ မေတ္တာဖြင့်ဝေဖန်အကြံပြုကြပါဟု ထပ်လောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌအနေဖြင့် မတ်လ ၁၄ ရက်နေ့မှ စတင်ကာ ပဲခူးတိုင်းဒေသကြီးသို့ သွားရောက်ခဲ့ပြီး ဒေသခံပြည်သူလူထုနှင့်တွေ့ဆုံမှုများ၊ အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံမှုများကို ပြုလုပ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required