ရွှေတိဂုံစေတီတော်တွင် ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၇၈,ဝဝဝ ကျော်ရှိ

ရွှေတိဂုံစေတီတော်တွင် ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၇၈,ဝဝဝ ကျော်ရှိ

ရန်ကုန်၊ မတ်လ ၁၅ ။         ။ မြန်မာတစ်နိုင်ငံလုံးမှ ဘုရားဖူးဧည့်သည်များသာမက ကမ္ဘာလှည့်ခရီးသွားများပါ နေ့စဉ်လာရောက်မှုများသည့် ရွှေတိဂုံစေတီတော်တွင် လက်ရှိဘဏ္ဍာတော်ငွေမှာ ကျပ်သန်းပေါင်း ၇၈,ဝဝဝ ကျော်(၇၈,၆၉၁ သန်း)နှင့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၁၅ ဒဿမ ၉   သန်းရှိကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

 

အဆိုပါ ဘဏ္ဍာငွေပမာဏမှာ ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၈ ရက်နေ့အထိ စာရင်းချုပ်ထားသည့် ငွေပမာဏ ဖြစ်ကြောင်း သိရသည်။

" ဘဏ္ဍာတော်ငွေနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ စည်းကမ်းတကျဆောင်ရွက်ထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အတိုချုံးရှင်းပြရမယ်ဆိုရင်တော့ နှစ်အလိုက် ရသုံးမှန်းခြေငွေစာရင်းရေးဆွဲပါတယ်။ ရသမျှ ငွေသိမ်း၊ သုံးစရာရှိတာ ထုတ်သုံးတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အရင် ၂ဝ၁၈၊ ၂ဝ၁၇၊ ၂ဝ၁၆ တုန်းက ရတဲ့ ရငွေအားလုံး၊ သုံးငွေအားလုံးကို ရသုံးခန့်မှန်းခြေရေးဆွဲပြီးတော့မှ သုံးစွဲတာဖြစ်သလို အခု ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလကနေ စပြီးတော့ ဒီဇင်ဘာလအထိ အလှူကရမယ့်ငွေ၊ ကောက်ခံရရှိမယ့်ငွေအားလုံးကိုလည်း ရသုံး ရငွေအဖြစ်နဲ့ တွက်ချက်ပြီး သုံးငွေခန့်မှန်းခြေကိုလည်း တွက်ချက်ထားပြီးတော့ စနစ်တကျသုံးစွဲပါတယ်"ဟု ရွှေတိဂုံစေတီတော်၏ ဘဏ္ဍာငွေသုံးစွဲမှုနှင့် ပတ်သက်ပြီး ဂေါပကအဖွဲ့မှ ဦးသောင်းထိုက်က ပြောသည်။

ထိုသို့ ရွှေတိဂုံစေတီတော်၏ ဘဏ္ဍာငွေသုံးစွဲမှုနှင့် ပတ်သတ်၍ မမှန်မကန်မဖြစ်စေရေးအတွက်လည်း ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ကုန်တိုင်းစာရင်းစစ်ရုံး၊ ဗဟိုစာရင်းစစ်ရုံးသို့ တာဝန်ပေးထားသည့် ပုဂ္ဂိုလ်များဖြင့် စစ်ဆေးပြီး ငွေစာရင်းများမှန်ကန်မှုရှိစေရန်  ဆောင်ရွက်ထားကြောင်း  ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ ဦးသောင်းထိုက်က ဆက်ပြောသည်။

ရွှေတိဂုံစေတီတော်တွင် လက်ရှိဘဏ္ဍာတော်ငွေမှာ ဘဏ်အပ်ငွေ(စာရင်းရှင်) ကျပ်သန်းပေါင်း ၂,၆၇၃၊ ငွေစု စာအုပ်များ(ငွေစုဘဏ်) ကျပ်သန်းပေါင်း ၆၄,၄၉ဝ၊ ငွေစုလက်မှတ်များတန်ဖိုး ကျပ်သန်းပေါင်း ၈,၅၂၈၊ ဘဏ် အပ်ငွေ(Fixed Deposit) ကျပ်သန်းပေါင်း ၃,ဝဝဝ၊ စုစုပေါင်း ကျပ်သန်းပေါင်း ၇၈,၆၉၁ သန်းနှင့် နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၁၅ ဒသမ ၉ သန်း ရှိကြောင်းသိရသည်။

ရွှေတိဂုံစေတီတော်သို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသွားများကို တစ်ဦးလျှင် ကျပ်ငွေ ၁ဝ,ဝဝဝ ကောက်ခံပြီး တစ်ရက်လျှင် နိုင်ငံခြားသားဧည့်သည် ၂၅ဝဝ မှ ၃၅ဝဝ ကြား ထိ ရွှေတိဂုံစေတီတော်သို့လာရောက်ကြောင်း၊ ပြည်တွင်းဧည့်သည်များမှာ သောင်းဂဏန်းဝန်းကျင်ထိ လာရောက်ကြောင်း သိရသည်။
 
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly