အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးသည့်အဖွဲ့အားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးရန် အစိုးရဖိတ်ခေါ်

အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးသည့်အဖွဲ့အားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးရန် အစိုးရဖိတ်ခေါ်

ရန်ကုန် ၊ မတ် ၁၅ ။           ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့အားလုံးကို ငြိမ်းချမ်းရေး ဆွေးနွေးရန် အစိုးရဘက်က မတ်လ ၁၃ ရက်နေ့ ရက်စွဲဖြင့် ဖိတ်ခေါ်လိုက်သည်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ဆွေးနွေးညှိနှိုင်းလိုပါသည်” ဟု အစိုးရဘက်က ဖိတ်ခေါ်စာတွင် ရေးသားထားသည်။

 အစိုးရဘက်မှ ဖိတ်ခေါ်သည့် အဖွဲ့များတွင် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) ၊ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ (KIO) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) စသည့် အဖွဲ့များ ပါဝင်နေသလို လက်ရှိ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွား နေသည့် ရက္ခိုင့်တပ်(AA) ၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး(PSLF/TNLA) နှင့် ကိုးကန့်အဖွဲ့ (MNDAA) စသည့် အဖွဲ့များလည်း ပါဝင်လာသည်။

ဆွေးနွေးပွဲကို အဖွဲ့တစ်ဖွဲ့လျှင် ခေါင်းဆောင် ၁ ဦး ၊ အဖွဲ့ဝင် ၁ ဦး စုစုပေါင်း ၂ ဦးစီ တက်ရောက်နိုင်ပြီး မတ်လ ၂၁ ရက်နေ့ တွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနတွင် ကျင်းပသွားမည်လည်းဖြစ်သည်။

 တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အစိုးရအဖွဲ့ နှင့် တွေ့ဆုံပြီးပါက တပ်မတော် ညှိနှိုင်းဆွေးနွေးရေး အဖွဲ့နှင့် တစ်ဖွဲ့ချင်းအလိုက် ဆက်လက်ဆွေးနွေးသွားရန် စီစဉ်ထားသောကြောင့် ဆွေးနွေးလိုသည့် အဖွဲ့အစည်း များအနေဖြင့် ကြိုတင် အကြောင်းကြားပေးရန် လိုအပ်သည်ဟုလည်း အစိုးရဘက်က ထုတ်ပြန်ထားသည်။

 လက်ရှိတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA အား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့မှ လက်မှတ်ရေးထိုးထားပြီး ကျန်ရှိနေသည့် အဖွဲ့များ လက်မှတ်ရေးထိုးရန် အစိုးရဘက်မှ ဆောင်ရွက် နေခြင်းလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly