မန္တလေးမြို့ ကျုံးဘေးပလက်ဖောင်းကို နှစ်ဆန်းတစ်ရက်နေ့တွင် စတင်ဖွင့်လှစ်မည်

မန္တလေးမြို့ ကျုံးဘေးပလက်ဖောင်းကို နှစ်ဆန်းတစ်ရက်နေ့တွင် စတင်ဖွင့်လှစ်မည်
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ မတ် ၁၅ ။    ။ မန္တလေးမြို့၊၆၆လမ်း၊ကျုံးဘေးပလက်ဖောင်းအသစ်တည်ဆောက်မှုမှာ ပြီးစီးနေပြီဖြစ်ပြီး ပြည်သူများ အပန်းဖြေ အနားယူနိုင်ရန် သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန်ထံမှ သိရသည်။

လက်ရှိအချိန်တွင် အလှဆင်ပန်းများ စိုက်ပျိုးလျက်ရှိပြီး ထိုင်ခုံများလည်း တပ်ဆင်လျက်ရှိကာ အဖြူ ၊အဝါ၊ပန်းရောင်နှင့်အနီရောင် ပုဏ္ဏရိပ်အပင်များစိုက်ပျိုးလျှက်ရှိကြောင်း မန္တလေးမြို့တော်ဝန်ထံမှ သိရသည်။

"ပုဏ္ဏရိပ်ပင်တွေစိုက်တာ လမ်း၂ဝအထိပြီးပါပြီ။ အဖြူ၊ အဝါ၊ ပန်းရောင်နဲ့ အနီပါ။ ၄တန်းခပ်စိပ်စိပ် စိုက်ထား တာမို့ အပင်နည်းနည်း ပိုမြင့်လာရင် အရမ်းလှမှာပါ။Flower box မှာစိုက်မယ့် ငု၊ သပြေဘူတနဲ့စိန်ပန်းပင် ၃-၄လက်မ လုံးပတ် ၁၅ပေအမြင့် အပင်တွေ ထိုင်းနိုင်ငံကနေ သယ်ယူလာနေပါပြီ။နှစ်ယောက်ထိုင် ထိုင်ခုံတွေ လည်း ချထားပေးထားပါတယ်။ လူကြီးတွေ အနားယူနိုင်တာပေါ့။"ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

မန္တလေးမြို့တွင် လူထု အပန်းဖြေအနားယူနိုင်ရန်အတွက် ယခုတည်ဆောက်နေသည့် ပလက်ဖောင်း လုပ်ငန်း အားလုံး ပြီးစီးသွားပါက CCTV ကင်မရာများတပ်ဆင် စောင့်ကြည့်သွားမည်ဖြစ်ပြီး စည်ပင်ရဲတပ်ဖွဲ့ ကလည်း စောင့်ကြည့် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

"အရင်ကထက်စာရင် မြို့သူမြို့သားတွေ စည်းကမ်းပိုလိုက်နာ လာတာတွေ့ရပါတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်စီးတဲ့ လူတစ်စုကလွဲရင်ပေါ့။ CCTV တွေတပ်ဆင်ထားပြီး စည်ပင် Control Room ကနေစောင့်ကြည့်ဖို့ စီစဉ်နေပါတယ်။ စည်ပင်ရဲနဲ့လည်း စည်းကမ်းထိန်းမှာပါ။"ဟု ဒေါက်တာရဲလွင်ကပြောသည်။

ယခုတည်ဆောက်နေသည့် ပလက်ဖောင်းအသစ်မှာ ဧဒင်ကုမ္ပဏီအုပ်စု ပိုင်ရှင် ဦးချစ်ခိုင်မှ လှူဒါန်းခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၅ ရက်က စတင်လုပ်ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။

အလှူ ရှင် ဦးချစ်ခိုင်က"ပြည်သူ့အတွက် စေတနာအမှန်ပါ။အထူးသဖြင့် ကျုံးနဲ့ပတ်သက်လို့ မန္တလေးရဲ့ တန်ဖိုး။သမိုင်းရဲ့တန်ဖိုးအတွက် ပြင်းပျတဲ့ ဆန္ဒနဲ့ဆောင်ရွက်တာပါ။"ဟုပြောသည်။

အပင်များစိုက်ပျိုးခြင်းနှင့်ပလက်ဖောင်းတည်ဆောက်နေခြင်းကို သင်္ကြန်မတိုင်ခင် အပြီးလုပ်ဆောင်သွားမည်ဟု သိရပြီး သင်္ကြန်ကာလတွင် အသုံးပြုခွင့်ပိတ်ထားမည်ဖြစ်ကာ သင်္ကြန်အပြီး နှစ်ဆန်း တစ်ရက်နေ့တွင် စတင် ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly