ရွှေတိဂုံစေတီတော်တွင် ဖိနပ်အပ်ခြင်းနှင့် ကြွပ်ကြွပ်အိတ်ယူခြင်းကို အခမဲ့ခွင့်ပြုထားဟု ဂေါပကအဖွဲ့ဆို

ရွှေတိဂုံစေတီတော်တွင် ဖိနပ်အပ်ခြင်းနှင့် ကြွပ်ကြွပ်အိတ်ယူခြင်းကို အခမဲ့ခွင့်ပြုထားဟု ဂေါပကအဖွဲ့ဆို
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ မတ်လ ၁၅ ။     ။ ပြည်တွင်း၊ ပြည်ပခရီးသည်များ နေ့စဉ်လာရောက်မှုများသည့် ရွှေတိဂုံစေတီတော်တွင် လာရောက်သော ဧည့်သည်များအဆင်ပြေစေရန်အတွက် ဖိနပ်အပ်ခြင်းကို အခမဲ့ခွင့်ပြုထားသည့်အပြင် ဖိနပ်ထည့်မည့် ကြွပ်ကြွပ် အိတ်များကိုပါ အခမဲ့ယူခွင့်ပြုထားသည်မှာ ကြာပြီဖြစ်ကြောင်း ရွှေတိဂုံဂေါပကအဖွဲ့မှ ဦးသောင်းထိုက်က ပြောသည်။

" ဒါပေမယ့်လည်း အဲ့ဒီနေရာမှာ ဆိုင်းပုဒ်က "အခမဲ့ ဖိနပ်အပ်နှံခွင့်ရှိသည်။ ကြွပ်ကြွပ်အိတ်လိုအပ်လျှင်လည်း အခမဲ့ယူသွားနိုင်ပါသည်" ဆိုတဲ့ အရေးအသားမျိုး မတွေ့တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့လည်း ပြန်ပြီး တော့ အခမဲ့ပေးထားတယ်။ ကြွပ်ကြွပ်အိတ်တွေလည်း အချိန်မရွေးယူသွားနိုင်ပါတယ်"ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် ဦးသောင်းထိုက်က ပြောသည်။

ထိုသို့ ရွှေတိဂုံစေတီတော်သို့ လာရောက်သည့် ဧည့်သည်များကို အခမဲ့ခွင့်ပြုထားသော ဖိနပ်အပ်နှံသည့် နေရာများနှင့် အများသုံးသန့်စင်ခန်းနေရာများတွင် အလှူခံပုံးများထားရှိခြင်းမှာ ရွှေတိဂုံစေတီတော်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို ယင်းအလှူခံပုံးမှ အလှူငွေများဖြင့် ကူညီပံ့ပိုးမှုများ လုပ်ဆောင် ပေးနိုင်ရန်အတွက် ဖြစ်ကြောင်းသိရသည်။

" အလှူငွေထည့်တဲ့ အလှူငွေပုံး ဘာလို့ထားလဲဆိုတော့ ဒါကတော့ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းများ အတွက်ကို ကျွန်တော်တို့ ကူညီပံ့ပိုးမှုများ၊ စောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ဖို့အတွက် "အလှူငွေထည့်လို ပါကလည်း ထည့်နိုင်ပါသည်"ဆိုတာ သန့်စင်ခန်းမှာရော၊ ဖိနပ်အပ်တဲ့နေရာမှာရော အလှူခံပုံးထားခြင်း ဖြစ်ပါတယ်။ ဒါထည့်လို့လည်းရပါတယ်။ မထည့်လို့လည်း ဘာမှ ပြဿနာမရှိပါဘူး။ ကျွန်တော်တို့ အခမဲ့ ခွင့်ပြုထားတယ်ဆိုတာလေးကိုလည်း အားလုံးကို အသိပေးတင်ပြချင်ပါတယ်"ဟု ဦးသောင်းထိုက်က ဆိုသည်။

ရွှေတိဂုံစေတီတော်သို့ တစ်ရက်လျှင် နိုင်ငံခြားသားခရီးသည် ၂၅ဝဝ မှ ၃၅ဝဝ ကြား၊ ပြည်တွင်းခရီးသည် သောင်းဂဏန်းဝန်းကျင်အထိ လာရောက်ကြောင်း သိရပြီး လာရောက်သည့် နိုင်ငံခြားသား ခရီးသွားများကို တစ်ဦးလျှင် ကျပ်ငွေ ၁ဝ,ဝဝဝ ကောက်ခံကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly