ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီကို ရခိုင်လူမျိုးအများစုဖြင့် အစိုးရဖွဲ့စည်း

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီကို ရခိုင်လူမျိုးအများစုဖြင့် အစိုးရဖွဲ့စည်း

ရန်ကုန် ၊ မတ် ၁၅ ။      ။ ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်ဖြစ်စေရန် ဖန်တီးလှုံ့ဆော်မှုများ ထပ်မံမဖြစ်စေရန်နှင့် ပြည်နယ် တည်ငြိမ် အေးချမ်းရေး ဆောင်ရွက်နိုင်ရန် အတွက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီကို နိုင်ငံတော်သမ္မတက မတ်လ ၁၄ ရက် နေ့တွင် ဖွဲ့စည်းလိုက်သည်။

အဆိုပါကော်မတီ၌ ရခိုင်လူမျိုး အများစုပါဝင်ပြီး ဥက္ကဌအဖြစ် အမျိုးသားလွှတ်တော် ဒုဥက္ကဌ ဦးအေးသာအောင် ၊ ဒုဥက္ကဌ(၁) အဖြစ် ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ၊ ဒုဥက္ကဌ(၂) အဖြစ် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့မှ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကော်မတီအတွင်းရေးမှူးအဖြစ် ကော်မတီ ဥက္ကဌ ဦးအေးသာအောင် မှ တာဝန်ပေးအပ်မည့် လူက ဆောင်ရွက်သွားရမည်လည်း ဖြစ်သည်။

ကော်မတီအဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ရခိုင်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ သိပ္ပံနှင့် နည်းပညာ ဒုဝန်ကြီးဟောင်း ဦးညီလှငယ်၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးမောင်မောင်အုန်းနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦး စုစုပေါင်း (၁၄) ဦးဖြင့် ပါဝင်ဖွဲ့စည်းထားသည်။

ကော်မတီ ဥက္ကဌ ၊ ဒုဥက္ကဌ(၁) နှင့် ဒုဥက္ကဌ(၂) စသည့် ထိပ်ပိုင်း တာဝန်ရှိသူများအားလုံးသည် ရခိုင်လူမျိုးများဖြစ်သည်။

ထို့ပြင် ကော်မတီအဖွဲ့ဝင်များအဖြစ် ရခိုင်ပြည်နယ်တွင်း အင်အားကြီးပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီမှ ဦးဦးလှစော ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်ထုမေ တို့လည်း ပါဝင်လာကြသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်(AA) တို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလာနေပြီး ပြည်နယ် အတွင်း၌ ပဋိပက္ခ တိုးလာချိန်တွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီကို သမ္မတဦးဝင်းမြင့် မှ ဖွဲ့စည်းတာဝန်ပေးလိုက်ခြင်းလည်းဖြစ်သည်။

သို့သော်လည်း သမ္မတမှ လက်မှတ်ရေးထိုးဖွဲ့စည်းလိုက်သည့် ကော်မတီကိစ္စနှင့် ပတ်သက်ပြီး ကာယကံရှင်၏ ဆန္ဒကို မေးမြန်းမှု မရှိခဲ့ကြောင်း ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်ထုမေက သူ့၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားပြောဆိုထားသည်။

“နိုင်ငံတော်သမ္မရုံး အမိန့်ကြော်ငြာစာဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ ဖွဲ့စည်းကြောင်း တွေ့ရှိရပါသည်။ ၎င်းအဖွဲ့တွင် မိမိ ဒေါ်ထုမေ အမည်ဖြင့် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင် နေကြောင်း တွေ့ရှိရပါသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မိမိသဘောထားအား မည်သူမျှမေးမြန်းခဲ့ခြင်း မရှိခဲ့ပါ။ ၎င်းကော်မတီနှင့် ပတ်သတ်၍ မိမိ အနေဖြင့် တခုမှ မသိရှိရသေးပါ” ဟု ဒေါ်ထုမေက ဆိုသည်။

သမ္မတ ဖွဲ့စည်းခဲ့သည့် ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်းလေ့လာခြင်းများ တွေ့သင့် တွေ့ထိုက် သူများနှင့် တွေ့ဆုံပြီး အစိုးရ၏ မူဝါဒများကို ရှင်းလင်းပြောပြခြင်း ၊ အကြံဉာဏ်များ ရယူကာ ဆောင်ရွက်သင့်သည်များကို သမ္မတထံ အကြံပြုတင်ပြရမည်လည်းဖြစ်သည်။

ယင်းအပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လွှတ်တော်နှင့် ပြည်သူများအကြား စေ့စပ်ညှိနှိုင်းပေးရန် ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် စီမံကိန်းများ ၊ ဆွေးနွေးပွဲများ လုပ်ရန် သမ္မတရုံးကို တင်ပြပြီး  ဆောင်ရွက်ရမည်ဟုလည်း ကော်မတီလုပ်ငန်းစဉ်များတွင် ပါရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly