လပြည့်ဝန်းပလာဇာမြေညီထပ်တွင် မီးလောင်ကျွမ်းခဲ့ခြင်းမဟုတ်ဟု အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူပြော

လပြည့်ဝန်းပလာဇာမြေညီထပ်တွင် မီးလောင်ကျွမ်းခဲ့ခြင်းမဟုတ်ဟု အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူပြော
 ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ မတ်လ ၁၄ ။          ။ လပြည့်ဝန်းပလာဇာမြေညီထပ်တွင် မီးလောင်ကျွမ်းခဲ့ခြင်းလုံးဝမရှိဘဲ မြေညီထပ်မှ BAWARCHI INDIAN စားသောက်ဆိုင်ဘေးရှိ အနံ့ဆိုးထုတ်သည့် မီးခိုးခေါင်တိုင်အတွင်းရှိ ဆီအကြွင်းအကျန်များကို မီးပွားစင်ရာမှ မီးခိုးငွေ့ထွက်ကာ မီးလန့်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လပြည့်ဝန်းပလာဇာ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

 “လပြည့်ဝန်းပလာဇာမြေညီထပ်မှာ မီးလောင်ကျွမ်းခဲ့ခြင်း လုံးဝမရှိပါဘူး။ မြေညီထပ်မှာရှိတဲ့ စားသောက်ဆိုင် မီးခိုးခေါင်တိုင်မှာ ဆီအကြွင်းအကျန်တွေနဲ့ ပိတ်ပြီး အပူရှိန်တက်ပြီး မီးခိုးငွေ့ မှုတ်ထုတ်တာပါ ၊ အဲဒီ စားသောက်ဆိုင်ကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပါတယ်။ လပြည့်ဝန်းပလာဇာမှာ မီးသတ်မှုနဲ့ ပတ်သက်ပြီး Facilities တွေ ရှိပါတယ်" ဟု လပြည့်ဝန်းပလာဇာ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မတ်လ ၁၄ ရက်၊ မွန်းတည့် ၁၂ နာရီတွင် မဇ္ဈိမသို့ ဆက်သွယ်ပြောသည်။

 
အဆိုပါ မီးခိုးခေါင်တိုင်အတွင်း ဆီအကြွင်းအကျန်များ ပိတ်နေခြင်းနှင့် ပတ်သက်ပြီး ဆိုင်ပိုင်ရှင်ဖြစ်သူအား လပြည့်ဝန်းပလာဇာမှ တာဝန်ရှိသူများက ၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် စာဖြင့် သတိပေးပြောကြားခဲ့မှုများ ရှိခဲ့သော်လည်း ပြင်ဆင်မှုမရှိသဖြင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည့်အတွက် ရက်အကန့်အသတ်မရှိ ဆိုင်အား ပိတ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

 ထို့အပြင် ယင်းမီးလန့်မှုနှင့် ပတ်သက်၍လည်း BAWARCHI INDIAN စားသောက်ဆိုင်တာဝန်ခံဖြစ်သူကို လည်း မတ်လ ၁၃ ရက်နေ့တွင် ကျောက်တံတားမြို့နယ်မီးသတ်ဦးစီးဌာနမှ ခေါ်ဆောင်ကာ နောင်တွင် အလားတူဖြစ်ရပ်မျိုး မဖြစ်ပွားစေရန် ခံဝန်ကတိလက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း သိရသည်။

 

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly