နိုင်ပွဲအတွက် အောင်လအန်ဆန်ကို အန်တိုနီယာ ကျေးဇူးတင်

နိုင်ပွဲအတွက် အောင်လအန်ဆန်ကို အန်တိုနီယာ ကျေးဇူးတင်

ONE: Reign of Valor ပြိုင်ပွဲကြီးတွင် မလေးရှားနိုင်ငံသူ AudreylauraBoniface ကို အနိုင်ရရှိခဲ့ပြီးနောက်  မြန်မာကစားသမား ဘိုဇီနာ အန်တိုနီယာက ထိုကဲ့သို့ အနိုင်ရရှိစေရန် အားပေးကူညီပေးခဲ့သည့် မြန်မာ့စပါးအုံး အောင်လအန်ဆန်ကို ကျေးဇူးတင်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

မြန်မာ့ ပထမဆုံး အမျိုးသမီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမား အန်တိုနီယာသည် ယင်းပွဲတွင် ပြိုင်ဘက် Boniface ကို ဒုတိယ အချီ၌ ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ထိုပွဲစဉ်တစ်လျှောက် အောင်လအန်ဆန်က ၎င်း၏ ကြီးကြပ်သူ တစ်ဦးအဖြစ် အနီးကပ် ညွှန်ကြားမှုများလည်း ပြုလုပ်ပေးခဲ့သည်။

ထို့အပြင် ပြိုင်ပွဲမကျင်းပမှီ တစ်ရက်အလိုတွင် အန်တိုနီယာကို အောင်လအန်ဆန်က လေ့ကျင့်သင်ကြားပေးနေသည့် Video ကို ၎င်းကိုယ်တိုင် Facebook လူမှုကွန်ရက်ပေါ်တွင် လွှင့်တင်ဖော်ပြခဲ့သည်။

“ပြိုင်ဘက်ကို အနိုင်ရဖို့အတွက် အရေးကြီးတဲ့ ခြေထောက် လုပ်ရှားမှုအပိုင်း လိုအပ်တာလေးတွေ ပွဲမတိုင်မီ တစ်နေ့အလိုမှာ လေ့ကျင့် သင်ကြားပေးတာပါ။ ဒီသင်ကြားမှုဟာ ပြိုင်ပွဲပြိုင်တဲ့အချိန်မှာ သိပ်ကိ အသုံးဝင်ခဲ့ပါတယ်” ဟု အန်တိုနီယာက ဆိုသည်။

“ကိုအောင်လက ကျွန်မတို့ကို သိပ်အောင်မြင်စေချင်တယ်။ မြန်မာနိုင်ငံမှာလည်းကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားတွေ ပေါ်ထွက်စေချင်တဲ့အတွက် အနောက်ကနေ စိတ်ပင်ပန်းခံ ကိုယ်ပင်ပန်းခံပြီး ပညာတွေ အများကြီးသင်ပေးတယ်။ ကွင်းထဲထိ လိုက်ပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်” ဟု အန်တိုနီယာက ပွဲပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အောင်လ အန်ဆန်သည် အဆိုပါ ပွဲအတွက် ရည်ရွယ်၍ ရွေ့လျားမှု ပုံစံများကိုလက်တွဲခေါ်ကာ လေ့ကျင့်ပေးခဲ့ကြောင်း၊ အဆိုပါ လေ့ကျင့်မှုများသည် ပွဲအတွင်း အလွန် အရေးပါခဲ့ကြောင်း၊ အောင်လအန်ဆန် သင်ပေးထားသည့် နည်းစနစ်များ အားလုံးကို အသုံးမချ နိုင်ခဲ့သော်လည်း အရေးပါသည့် နည်းစနစ် အနည်းအကျဉ်းကို ပြန်လည်အသုံးချနိုင်ခဲ့ကြောင်း အန်တိုနီယာက ပြောခဲ့သည်။

အဆိုပါ ပွဲစဉ်သည် မတ် ၈ ရက်က ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံအားကစားကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သော One Championship: Reign of Valor ပြိုင်ပွဲကြီး၏  အမျိုးသမီး အက်တမ်ဝိတ်တန်း ပွဲစဉ်တစ်ပွဲ ဖြစ်သည်။ ယင်းပွဲစဉ်သည် အန်တိုနီယာ၏ တတိယမြောက် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုုင်ပွဲကြီး ဖြစ်သလို ဒုတိယမြောက် နိုင်ပွဲလည်း ဖြစ်သည်။

“ကိုယ့်နိုင်ငံမှာ ကျင်းပရတယ် ဆိုတော့ သိပ်ကိုတာဝန်ကြီးတယ်ပေါ့နော်။ ပြိုင်ဘက်က အရမ်းကြီး ကောင်းတဲ့ထဲမှာ မပါပေမယ့် ကိုယ်က ရှုံးလို့မဖြစ်ဘူးပေါ့” ဟု အန်တိုနီယာက ယင်းပွဲစဉ်နှင့် ပတ်သက်သည့် ၎င်း၏ ခံစားချက်ကိုလည်း ထုတ်ဖော် ပြောပြခဲ့သည်။

ကယန်းတိုင်းရင်းသူ အန်တိုနီယာက ကိုအောင်လအန်ဆန်သည် မိမိစိတ်ဓါတ်ကျစဉ်အချိန်တုန်းကလည်း အားပေးစကားများစွာ ပြောကြားခဲ့ပြီး အောင်မြင်မှုရရှိရန်အတွက် မည်သို့ ကြိုးစားရမည်ကို လမ်းပြပေးခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။ အောင်လအန်ဆန်ကလည်း အန်တိုနီယာ၏ ကစားပုံနှင့် ပတ်သက်၍ တိုးတက်မှုကို အားရကြောင်း မှတ်ချက်ပြုခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly