မွေးရပ်မြေချင်းပြည်နယ်ကို အလည်တစ်ခေါက်ပြန်သော တီရဲလ်ထန်

မွေးရပ်မြေချင်းပြည်နယ်ကို အလည်တစ်ခေါက်ပြန်သော တီရဲလ်ထန်

ONEChampionship တွင် ပြိုင်ဘက် ကမ္ဘောဒီယား ကစားသမား Rin Saroth ကို ပွဲဦးထွက်နိုင်ပွဲရရှိပြီးနောက် ဇာတိမြေဖြစ်သည့် ချင်းပြည်နယ်ကို အလည်တစ်ခေါက် သွားရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

တီရဲလ်ထန်သည်၎င်း၏ မွေးရပ်မြေကို ၁၈ နှစ်ကြာ ခွဲခွာခဲ့ရသူဖြစ်ပြီး ယခုအကြိမ် မြန်မာနိုင်ငံကို ပြန်လည်ခြေချခဲ့ပြီးနောက် ဇာတိမြေကို သွားရောက်လည်ပတ်ရန် စိတ်အားထက်သန်ခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံနဲ့ ဝေးကွာခဲ့တာ ၁၈ နှစ်ရှိပါပြီ အခုမှ တစ်ကျော့ပြန် ခြေချခွင့်ရတာပါ။ ကျွန်တော် ဇာတိမြေကိုလည်း သွားဖို့ စိတ်အားထက်သန်နေပါတယ်။ အဲ့ဒီမှာ ကျွန်တော့်ရဲ့ အဖွားရှိသေးတယ်။ ဒါကြောင့် ကျွန်တော် အဖွားဆီ သွားတွေ့ပါဦးမယ်။ နောက်ပြီး ချင်းပြည်နယ်မှာရှိတဲ့ ကျွန်တော့် ပရိသတ်တွေကိုလည်း တွေ့ချင်ပါတယ်” ဟု တီရဲလ်ထန်က ပြောကြားခဲ့သည်။

ONE: Reign of Valor ပြိုင်ပွဲကြီးတွင် ချင်းတိုင်းရင်းသား ကစားသမား တီရဲလ်ထန်ကို အားပေးရန်အတွက် ရန်ကုန်မြို့တွင်နေထိုင်နေသည့် ချင်းလူမျိဳးအမြောက်အများက လာရောက်အားပေးခဲ့ကြသည်။ ထိုကဲ့သို့ လာရောက်အားပေးခဲ့သည့် ချင်းလူမျိူး ပရိသတ်များကိုလည်း တီရဲလ်ထန်က ကျေးဇူးတင် စကားဆိုခဲ့သည်။

“ဒီပွဲမှာချင်းတိုင်းရင်းသား အမြောက်အများ လာရောက်အားပေးတာကို အလွန်ကျေးဇူးတင်ပါတယ်။ ဒီလောက်အများကြီး လာအားပေးမယ်လို့ ကျွန်တော်မထင်ထားပါဘူး။ ဒီပွဲမှာ ကျွန်တော်ကို လာရောက်အားပေးခဲ့တဲ့ ပရိသတ်အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်” ဟု တီရဲလ်ထန်က ဆိုသည်။

ဆက်လက်ပြီးတီရဲလ်ထန်က ချင်းပြည်နယ်ကို ပြန်လည်ခြေချရမည့်အတွက် အရမ်းကို ဝမ်းသာမိကြောင်း၊ ဆယ်စုနှစ် တစ်စုကြာမှပြန်လည်ခြေချရမည့်အခွင့်အရေးတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

“လောလောဆယ်ချင်းပြည်အရမ်းပြန်သွားချင်နေတယ်။ နောက်ပြီး ငယ်ငယ်တုန်းက နေခဲ့တဲ့နေရာကို ပြန်သွားခွင့်ရတာဆိုတော့ စိတ်တော့ လှုပ်ရှားပါတယ်။ နောက်ပြီး ဆွေးမျိုးတွေနဲ့လည်း တွေ့ချင်တယ်။ အဲ့မှာ ကျွန်တော်အဖွားက သက်ရှိထင်ရှားရှိသေးတယ်။ အဖွားကိုလည်းတွေ့ချင်တယ်” ဟု တီရဲလ်ထန်က ပြောသည်။

ဆက်လက်ပြီးတီရဲလ်ထန်က “လောလောဆယ် အချိန်မှာတော့ ချင်းပြည်နယ်မှာ လူမှုရေးလုပ်ငန်းတွေ လုပ်ဖို့ အစီအစဉ်တော့မရှိသေးပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ချင်းပြည်နယ်မှာရော မြန်မာနိုင်ငံမှာပါ လူမှုရေးလုပ်ငန်းတွေ လုပ်သွားဖို့ အစီအစဉ်တွေ ရှိပါတယ်” ဟု တီရဲလ်ထန်ကဆိုသည်။

မြန်မာ့စပါးအုံးအောင်လအန်ဆန်၏ လေ့ကျင့်ပေးမှုဖြင့် မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမား ဖြစ်လာသူ တီရဲလ်ထန်သည် ONE Championship ပွဲဦးထွက်ပွဲတွင် ကမ္ဘောဒီးယား ကစားသမား Rin Saroth ကို ဒိုင်အားလုံး၏ တညီတညွှတ် အနိုင်ပေး ဆုံးဖြတ်ချက်ဖြင့် အနိုင်ရရှိခဲ့သည်။ တီရဲလ်ထန်က အဆိုပါ ပြိုင်ပွဲတွင် လာရောက် အားပေးခဲ့သည့် ပရိသတ်များနှင့် ပတ်သက်ပြီး အလွန် ဝမ်းသာမိကြောင်း ဆိုသည်။

“ကိုအောင်လကကျွန်တော်ကို ပြောဖူးတယ်။ ပရိသတ်တွေ ဘယ်လိုရှိတယ်ဆိုတာ မပြောတက်ဘူးတဲ့။ မင်း ပြိုင်ပွဲကျရင် မြန်မာပရိသတ်တွေ ဘယ်လောက်တောင် အားပေးသလဲဆိုတာ သိရမယ်လို့ ပြောတယ်။ အခုဒီပွဲမှာ ကျွန်တော်လက်တွေ့ယုံလိုက်ရတာပါ။ ပရိသတ်တွေက အရမ်း ချစ်ဖို့ကောင်းပါတယ်” ဟု တီရဲလ်ထန် ကချီးကျူးပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly