တပ်က ဖမ်းဆီးခဲ့သည့် ငှက်ဖျားမိလူနာ ဖမ်းဆီးထားစဉ် သေဆုံး

တပ်က ဖမ်းဆီးခဲ့သည့် ငှက်ဖျားမိလူနာ ဖမ်းဆီးထားစဉ် သေဆုံး

ရန်ကုန် ၊ မတ် ၁၄ ။             ။ တပ်မတော် စစ်ကြောင်းမှ သံသယမှုဖြင့် ဖမ်းဆီးသွားသည့် ငှက်ဖျားမိလူနာသည် သေဆုံးသွားပြီဖြစ်ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“သေသွားတာတော့ အမှန်ပဲ။ သေသွားတဲ့ကိစ္စကို လူနာရှင်မိဘတွေက ကျွန်တော်ကို အကြောင်းကြား ပါတယ်” ဟု ဦးထွန်းသာစိန်က ဆိုသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာမှ ငှက်ဖျားမိလူနာအား မတ်လ ၁၂ ရက်နေ့ ညပိုင်းက ဆေးရုံသို့ ပို့ဆောင်စဉ် လိုက်ပါပို့ဆောင်သူ ၆ ဦး အပါအဝင် လူနာတင်ယာဉ် ယာဉ်မောင်း ၁ ဦး ယာဉ်အကူ ၂ ဦး ကို တပ်မတော် စစ်ကြောင်းတစ်ခုမှ သံသယမှုဖြင့် ဖမ်းဆီးခဲ့ခြင်းလည်းဖြစ်သည်။

မင်းပြားမြို့နယ်၊ သပေါ့စာတဲစု၌  စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသည့် အသက် ၃၀ ဝန်းကျင်အရွယ် ဦးလှမောင်ဝင်းသည် အပြင်းဖျားပြီး သတိမေ့နေခြင်းကြောင့် ရွာမှာရှိသည့် နာရေးကူညီမှုအသင်းဝင် ၆ ဦးက မြောက်ဦးဆေးရုံကို ပို့ဆောင်ရန် ကားဖြင့် ခေါ်ဆောင်လာစဉ်အတွင်း ဖမ်းဆီးခံရခြင်းလည်းဖြစ်သည်။

အဆိုပါ ငှက်ဖျားမိလူနာသည် ဖမ်းဆီးထားစဉ်အတွင်း သေဆုံးသွားခဲ့ခြင်းကြောင့် သက်ဆိုင်ရာမိသားစုထံသို့ အကြောင်းကြားပြီး အလောင်းပြန်လည်ပေးအပ်ခဲ့သည်ဟု သိရှိရသည်။

 သို့သော်လည်း တခြားဖမ်းဆီးခံထားရသည့် သူများကို မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) နှင့် တရားစွဲဆိုပြီး မြောက်ဦးမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးထားသည်ဟုလည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင်လည်း မြောက်ဦးမြို့နယ်အတွင်းရှိ ရပ်ကျေး အုပ်ချုပ်ရေးမှူး ၄ ဦးနှင့် ဒေသခံ ၁ ဦးကို မတရားအသင်းဆက်သွယ်မှုဖြင့် အမှုဖွင့်ခဲ့သော်လည်း လုံလောက်သည့် သက်သေအထောက် အထားမပြနိုင်သဖြင့် မတ်လ ၄ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

 ရခိုင်ပြည်နယ်အတွင်း၌  ရက္ခိုင့်အဖွဲ့ AA နှင့် တပ်မတော်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံများသည် အစိုးရဘက်မှ စစ်ဆေးခြင်းကို ခံရသလို AA ဘက်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုလည်း ခံနေရသည်။

 ပဋိပက္ခတိုက်ပွဲများဖြစ်ပွားရာ ဒေသများရှိ ဒေသခံပြည်သူများသည် မတရားအသင်း နှင့် ဆက်သွယ်သည့် ပုဒ်မ ၁၇(၁) ဖြင့် မကြာခဏဆိုသလိုတရားစွဲခံနေရခြင်းများ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly