တိုင်းနှင့် ပြည်နယ်အစိုးရများ၏ လူမှုကွန်ရက်အသုံးပြုမှု လေ့လာဆန်းစစ်ချက်အရ ရန်ကုန်အစိုးရအဖွဲ့ပေ့ချ်မှာ Like အများဆုံးရ

တိုင်းနှင့် ပြည်နယ်အစိုးရများ၏ လူမှုကွန်ရက်အသုံးပြုမှု လေ့လာဆန်းစစ်ချက်အရ ရန်ကုန်အစိုးရအဖွဲ့ပေ့ချ်မှာ Like အများဆုံးရ

ရန်ကုန်၊မတ် ၁၄ ။       ။ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများ၏ လူမှုကွန်ရက်အသုံးပြုမှုဆိုင်ရာလေ့လာဆန်းစစ်ချက် အရ  ဖေ့ဘွတ်ခ်၏ အသိအမှတ်ပြု Blue Mark ရရှိထားသည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏  ဖေ့ဘွတ်ခ် ပေ့ချ်သည် Like အများဆုံးရရှိထားကြောင်း Social Media Development Myanmar မှ ထုတ်ပြန်ထားသည်။

အဆိုပါ လေ့လာဆန်းစစ်ချက်အရ  ဒုတိယ Like အများဆုံး နေရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပေ့ချ်က ရှိနေပြီး တတိယနေရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဖေ့ဘွတ်ပေ့ချ်ရှိနေကြောင်း သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း လေ့လာဆန်းစစ်ချက်အရ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရများ၏ ဖေ့ဘွတ်ခ် ပေ့ချ် ၁၃ ခုသည် သတင်းအချက်လက်များ ထုတ်ပြန်ခြင်း၊ အစိုးရအဖွဲ့၏ လှုပ်ရှားမှုများကို ဖော်ပြခြင်းတို့ကို ပြုလုပ်လျက်ရှိပြီး ချင်းပြည်နယ်အစိုးရ၏ ဖေ့ဘွတ်ခ်ပေ့ချ် ကိုတော့ မတွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အစိုးရအဖွဲ့များ၏ ဖေ့ဘွတ်ခ် ပေ့ချ်တွင်  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ Post အများဆုံးတင်ပြထားပြီး မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရတို့၏ပေ့ချ် က လှုပ်ရှားမှုနည်းပါးကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးရအဖွဲ့၏ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ပေ့ချ်တွင် ဝန်ကြီးချုပ်နှင့် လွှတ်တော်ဆိုင်ရာသတင်းများ၊ လှုပ်ရှားမှုများကို ဦးစားပေးဖော်ပြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရ၏ ပေ့ချ်တွင် ခရိုင်နှင့် မြို့နယ်အလိုက် သတင်းများကို ဖော်ပြထားသည်။

ဖေဖော်ဝါရီလအတွင်း လေ့လာဆန်းစစ်ချက်အရ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့သည် ဖေ့ဘွတ်ကြော်ငြာဝန်ဆောင်မှုအတွက် ငွေကြေးအသုံးပြုမှုရှိသည်ကိုတွေ့ရကြောင်း ဖော်ပြထားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ဖေ့ဘွတ်ပေ့ချ် အများစုသည် ဒီချုပ်အစိုးရလက်ထက်တွင် စတင်ဖွင့် ထားခြင်း ဖြစ်ပြီး ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရ၏ ပေ့ချ် များသည် ယခင်အစိုးရ လက်ထက် တွင် စတင်ဖွင့်လှစ်ထားခြင်းဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရခိုင်ပြည်နယ်အစိုးရ ပေ့ချ်များတွင် နာမည်တူ ဖွင့်ထားသည့် ပေ့ချ်များရှိနေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများသည် ဖေ့ဘွတ်ခ်လူမှုကွန်ယက်ကို သတင်းပြန်ကြားရေးပုံစံနှင့် ဖော်ပြနေသည်ကို တွေ့ရပြီး လူထုဆက်ဆံရေးအတွက် အသုံးပြုမှု နည်းပါးနေသည်ကို လေ့လာတွေ့ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖေ့ဘွတ်ပေ့ချ်တွင် ဝန်ကြီးချုပ်နှင့်ပတ်သက်သည့် အကြောင်း အရာများ၊ ဝန်ကြီးချုပ် တက်ရောက်သည့် ပွဲအခမ်းနားများအပါအဝင် ရန်ကုန်တိုင်းလွှတ်တော်ဆိုင်ရာ သတင်းများ လှုပ်ရှားမှုများကို ဦးစားပေးဖော်ပြနေသည်ကို တွေ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly