မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချပါက ပြည်သူကိုရှင်းပြမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချပါက ပြည်သူကိုရှင်းပြမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ကုန်၊ မတ် ၁၄ ။            ။ အစိုးရအနေဖြင့် ခေတ္တရပ်ဆိုင်းထားသည့် ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ တစ်စုံတရာ ဆုံးဖြတ်ချက် ချပြီးပါက အကြောင်းပြချက်ကို ပြည်သူများအား ရှင်းပြမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

မတ်လ ၁၄ ရက်နေ့က ပဲခူးတိုင်း၊ ပြည်မြို့နယ်တွင် ဒေသခံများ၊ ဌာနဆိုင်ရာများ နှင့်တွေ့ဆုံစဉ် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထိုသို့ပြောခဲ့ခြင်းဖြစ်သည်။

“ ဆုံးဖြတ်ချက်ချမယ်ဆိုရင်လည်း ပြည်သူကိုတင်ပြမယ်။ ဘာကြောင့် ဆုံးဖြတ်ချက်ချရတယ် ဆိုတာကိုလည်း တင်ပြမယ်” ဟု ၎င်းကဆိုသည်။

 ထို့အပြင် အစိုးရမှနေ၍ မည်သည့်စီမံကိန်းအကြီးများကို ဆုံးဖြတ်ချက်ချသည်ဖြစ်စေ ပြည်သူကိုရှင်းပြရမည်ဟု လည်း ဒေါ်အောင်ဆန်းစုကြည် က ဆက်ပြောသည်။

 “ ပြည်သူကိုချပြတဲ့နေရာမှာလည်း ကိုယ်ကမှန်တယ်ထင်လို့ လုပ်တယ်ဆိုရင်လည်း ရှင်းရလိမ့်မယ်။ မှန်တယ်ထင်လို့ရှိရင် အမုန်းခံပြီးတော့လုပ်ရတယ်ဆိုရင်လည်း လုပ်ရဲရမယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ အချစ်ခံချင်လို့လုပ်တာမဟုတ်ဘူး။ အကျိုးဖြစ်စေချင်လို့လုပ်တာ” ဟု ၎င်းကပြောသည်။

 အလားတူ ပြည်သူလူထုအနေဖြင့်လည်း မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ စဉ်းစားရာတွင် အမြင်ကျယ်စေချင် ကြောင်း အစိုးရအနေဖြင့် စီမံကိန်းများကိုဆုံးဖြတ်ချက်ချရာတွင် စီးပွားရေးသာမက နိုင်ငံရေး၊ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးများကိုပါ ထည့်သွင်းစဉ်းစားရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

 “စီးပွားရေးဘက်က စဉ်းစားမယ်ဆိုရင်တောင် ရေရှည်စဉ်းစားရပါတယ်။ တစ်ခဏအတွက်မစဉ်းစားရပါဘူး” ဟု အတိုင်ပင်ခံပုဂ္ဂိုလ် ကပြောသည်။

 ထို့အပြင် အချို့စီမံကိန်းကြီးများမှာ နိုင်ငံတော်၏ ဂုဏ်သိက္ခာဖြင့် ဆက်စပ်နေသည့်အတွက် ကမ္ဘာ့ ယုံကြည်မှုရစေရန် အခုတစ်မျိုး၊ တော်ကြာတစ်မျိုးလုပ်၍ မကြောင်းလည်း ၎င်း ကဆိုသည်။

မြစ်ဆုံစီမံကိန်းကို တပ်မတော်အစိုးရလက်ထက်က မြန်မာ-တရုတ် နှစ်ဖက်အစိုးရ က လက်မှတ်ထိုးခဲ့ပြီး သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားဖို့ ကြေညာချက်ထုတ်ခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရလက်ထက်တွင် မြစ်ဆုံစီမံကိန်း ဆက်လက် လုပ်သင့်၊ မလုပ်သင့်ကိစ္စကို စုံစမ်းပြီး အစီရင်ခံစာတင်ရန်  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဆောင်သည့် ကော်မတီတစ်ရပ်ဖွဲ့စည်းထားသည်။

အဆိုပါကော်မတီမှ မည်ကဲ့သို့ သဘောထား မှတ်ချက်ပေးသည်ကိုမသိရှိရသေးသကဲ့သို့ အစိုးရမှလည်း တိတိလင်းလင်း ထုတ်ပြန်ခြင်းမျိုးလက်ရှိအချိန်ထိ မရှိသေးခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly