ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်မယ့် သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း - အပိုင်း( ၄ )

By မျိုးသန့်(မဇ္စျိမ)
14 March 2019
ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်မယ့် သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း - အပိုင်း( ၄ )

မင်္ဂလာပါ မဇ္ဈိမပရိသတ်များခင်ဗျား ကျွန်တော်တို့ အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ Mizzima Exclusive Interview အစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျား။   တွေ့ဆုံမေးမြန်းမယ့် သူကတော့ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီကို တည်ထောင်သူဖြစ်တဲ့ သူရဦးရွှေမန်းဖြစ်ပါတယ်ခင်ဗျား။

{သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း - အပိုင်း( ၄ ) မှာတော့   မြန်မာနိုင်ငံမှာ ပါတီတွေများနေခြင်း၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှာ လူငယ်တွေကို ဦးစားပေးမယ့်ကိစ္စ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်နဲ့ ဆီလျှော်လိုက်ဖက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာရေး နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီလိုတယ် ဆိုတာတွေကို ဆွေးနွေး ထားတာ ဖြစ်ပါတယ်။}

မေး။ ။ ဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့ တော်တော်ကိုပြည့်စုံသွားပြီဆိုတော့ ပါတီနဲ့ပတ်သက်ပြီးတော့ မေးပါရစေခင်ဗျား၊ ကျွန်တော်တို့ နိုင်ငံက ပြောကြတာပေါ့နော် ပါတီပေါင်းတော်တော်များများ များနေပြီ၊ တိုင်းရင်းသားတွေဆိုလည်း တိုင်းရင်းသားလူမျိုးတစ်မျိုးတည်းတင်ပဲ ပါတီသုံးခုလောက် ဖြစ်နေတယ်ပေါ့၊ ဆိုတဲ့အခါကျတော့ ပါတီက တော်တော်များတယ် ဆိုတာမျိုးဝေဖန်ကြတာရှိတယ် ။ အဲ့ဒီကြားမှာမှ ထပ်ပြီးတော့မှ   ပါတီထောင်တယ်ပေါ့လေ ဆိုတဲ့အခါကျတော့ ဒီပါတီများခြင်း၊ နည်းခြင်းကိစ္စအပေါ်မှာ  နဲနဲလေးဖြည့်ပြောပေးလို့ ရမလား။

ဖြေ။ ။ ဟုတ်ပါတယ် တစ်ချို့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို ကျင့်သုံးမယ့် နိုင်ငံတွေ တစ်ချို့လည်း ခုနက တစ်ပြည်ထောင်စု တစ်ပြည်ထောင်စနစ် ကျင့်သုံးတဲ့နိုင်ငံတွေမှာ မြန်မာပြည်မှာလောက်တော့ ပါတီမများဘူး။ အခုတော့ ဒီပွင့်လင်းစ ကူးပြောင်းစကာလမှာ ပါတီတွေများတာပေါ့၊ သူတို့လည်း သူတို့ရဲ့အခွင့်အရေးပဲလေ ။ ပါတီထောင်ခွင့်တို့၊ နောက်တစ်ခါ နိုင်ငံအတွက် ပါဝင်ခွင့်တို့ဆိုတာ သူတို့အခွင့်အရေး။ သူတို့အခွင့်အရေးလည်းပိတ်လို့မရဘူး။ လုပ်ရင်းလုပ်ရင်းနဲ့ပဲ နောက်ဆုံးကျတဲ့အခါတော့ ဆန်ခါတင်ကျန်သွားမယ့် အနေအထားရှိပါတယ်။ ဒီနှစ် ပါတီများနေတယ်၊ သူ့ကိုအပြစ်တင်လို့မရဘူး၊ ဘာကြောင့်လဲ သူတို့ရဲ့ဆန္ဒတွေ ရှိတိုင်း သူတို့မပြောခဲ့ရဘူး၊ မလုပ်ခဲ့ရဘူး၊ ဒီနေ့ပြောခွင့်ရပြီ၊ လုပ်ခွင့်ရပြီ အဲဒီအတိုင်းပဲ မိမိတို့တွေ အခုလို ပါတီထူထောင်ဖို့ စဉ်းစားတဲ့အခါမှာ သူများလို ရည်ရွယ်ချက်တွေလည်း ပါချင်ပါမယ်၊ ဒီထက်ပိုထူးတာလည်းပါမယ်။ အဲ့ဒီတော့ နိုင်ငံသူ နိုင်ငံသားတွေ ပြည်ထောင်စုသားတွေ ရွေးချယ်ခွင့် တစ်ခုထက် ပိုပြီးတော့ တိုးစေချင်တယ်။ အဲ့ဒီတော့ ဒီပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ပေါ်လာပြီ၊ ဒီပါတီကိုကြည့်ပါ၊ ဒီပါတီကို အကဲခတ်ပါ၊ ဒီပါတီကို ဆန်းစစ်ပါ။ ဒီပါတီဟာ အခုခေါင်းစဉ်မှာ ပါသလို၊ နာမည်မှာ ပါသလို ၊ ပြည်ထောင်စုကြီး တစ်ခုလုံးကို ကောင်းကျိုးဆောင်ဖို့ ပြည်ထောင်စုကြီးတိုးတက်ဖို့ ထူထောင်တဲ့ပါတီ ဆိုတာက တကယ့် လက်တွေ့မှာ ဒီပုဂ္ဂိုလ်တွေ ဒီအဖွဲ့အစည်းနဲ့ ပြီးတဲ့အခါ ဒီက မူဝါဒတွေ လုပ်ငန်းစဉ်တွေကို အကဲခတ်ကြပါလိမ့်မယ်၊ အကဲခတ်တဲ့နေရာမှာ သူတို့ရဲ့ ယုံကြည်မှုအပေါ်မူတည်ပြီးတော့ ဒီပါတီအပေါ် ထောက်ခံမှု အားပေးမှုမှာလည်းရှိမယ် ။ ဒါကြောင့်မို့လို့ ဒီအချိန်မှာခုနက ဒီပါတီထူထောင်ဖို့ကို စေ့ဆော်ခဲ့တဲ့ အချက်တွေလည်း ရှိပါတယ်။ အဲ့ဒီကြောင့်လည်း ပြီးခဲ့တဲ့အပတ်က တစ်ချို့ကိစ္စလေးတွေပြောပါတယ်၊ ဒါဘာလဲ ဆိုတော့ ဒီနေ့ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပါအဝင်ပေါ့လေ၊ တစ်ခြားကိစ္စတွေအပါအဝင် ဒီနေ့အနေအထားထက်ပိုပြီးတော့ တိုးတက်လာအောင် လုပ်ဖို့ အချိန်ကျရောက်ပြီလို့ ထင်ပါတယ်။ အဲ့ဒီအတွက်လည်း လုပ်တဲ့အခါမှာ လူတစ်ယောက်တည်းလုပ်တာထက်စာရင် အဖွဲ့အစည်းနဲ့လုပ်တာ။ အဖွဲ့အစည်းဆိုတဲ့နေရာမှာလည်း နိုင်ငံရေးပါတီ ထူထောင်ပြီးလုပ်တာ ပိုပြီးတော့ လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအကြောင်းအရာတွေကြောင့် ပါတီထူထောင်တာပါ၊ ထူထောင်တဲ့အခါမှာလည်း ဒီနေ့ စပြီးတော့ပြောခဲ့ကတည်းကိုက နိုင်ငံကို ထူထောင်တဲ့နေရာမှာ ပါတီတစ်ရပ်က လိုအပ်တယ်။ အဲ့ဒီပါတီဟာလည်း ဒီနေ့ မိမိတို့ ပါတီနဲ့ နိုးနိုးကြားကြားတက်တက်ကြွကြွ ပြည်ထောင်စု ကောင်းကျိုးအတွက် ပြည်သူတွေနဲ့ အတူ ပူးပေါင်းလက်တွဲ လုပ်မယ်ဆိုတဲ့ဟာလည်း သတိထားမှုတွေ တွေ့ပါတယ်။ အရေးကြီးတာကတော့ ပါတီတစ်ရပ်ထူထောင်ပြီးလို့ရှိရင် နိုးနိုးကြားကြား တက်တက်ကြွကြွလုပ်ဖို့ လိုပါတယ်။ အဲ့ဒီအထဲမယ် ပြည်သူရဲ့ ပူးပေါင်းပါဝင်မှုလည်း လိုပါတယ် ၊ ဒါကြောင့်မို့လို့ အခုလို ပါတီ ထူထောင်ပြီး လုပ်ရတာလို့ပဲ ဖြေချင်ပါတယ်။

မေး။ ။   ပါတီက ကျွန်တော်ကြားမိသလောက်ကတော့ လူငယ်တွေကို ဦးစားပေးမယ် ဆိုပြီးတော့မှ ကြားသိရပါတယ်။ အဲ့ဒီတော့ လူငယ်တွေကိုရော တကယ်ရော ဦးစားပေးမှာလားပေါ့နော် ။ ပွင့်ပွင့်လင်းလင်းမေးရရင်တော့ ဘာဖြစ်လို့လည်းဆိုတော့ တစ်ချို့တွေကျတော့လည်း မူဝါဒက စာရွက်ထဲမှာပဲ ထားတယ်ဆိုတဲ့ သဘောမျိုးတွေ တွေ့နေရလို့ပါခင်ဗျား။

ဖြေ။ ။ မိမိတို့ရဲ့ပေါ့လေ အစဉ်အလာနဲ့သမိုင်းကြောင်း ပြန်ကြည့်မယ်ဆိုရင် ကိုယ်ပြောတဲ့စကားဟာ တည်အောင်ပေါ့ ဖြစ်နိုင်သမျှကြိုးစားပါတယ်။ အဲ့ဒီတော့ မကြာမကြာလည်း ပြောမိပါတယ် ၊ လူငယ်တွေကို နေရာပေးမယ်၊ တာဝန်ပေးမယ်၊ ပြောခဲ့ပါတယ်။ ဒီစကားဟာခုနက နှလုံးသားရော ဦးနှောက်ကရော လာတဲ့စကားပါ။ ဘာကြောင့်လည်းဆိုတဲ့အခါမှာ လူတွေက တစ်ယောက်နဲ့တစ်ယောက် စွမ်းရည်လည်းမတူ အရည်အချင်းလည်းမတူဘူး။ သူ့နေရာနဲ့သူ အသုံးကျလိမ့်မယ်၊ ဒါကြောင့်မို့လို့ ခုနက လူငယ်တွေကို တာဝန်ပေးမယ်၊နေရာပေးမယ် ဆိုတဲ့ဟာက သူနဲ့ သင့်လျှော်သော နေရာနဲ့ တာဝန်များပဲဖြစ်ကြပါလိမ့်မယ်။ ဒါကြောင့်မို့လို့ သူနဲ့သင့်လျှော်တဲ့ နေရာနဲ့တာဝန်များ ပေးမှာဖြစ်တဲ့အတွက် အဲ့ဒီနေရာတွေမှာ သူတို့က ထူးချွန်စွာ၊ပြောင်မြောက်စွာ လုပ်နိုင်တယ်ဆိုလို့ရှိရင် အဲ့ဒီနေရာအသီးသီးရဲ့ ခေါင်းဆောင်တွေဖြစ်လာမယ်။ ဒီခေါင်းဆောင်ဟာ ကိုယ့်ဟာကို လုပ်ယူလို့မရဘူး၊ အခြားသူများက ခန့်ရမှာ၊ ငါ့ဘာသာ ငါခေါင်းဆောင်လုပ်မယ် ဆိုတဲ့ခေတ်တွေက ကုန်သွားပြီ၊ အဲ့ဒီတော့ ပြည်သူတွေကနေပြီးတော့ ရွေးချယ်တာဝန်ပေးမ၊ှ ဒါကြောင့်မို့လို့ ပြည်သူတွေကနေပြီးတော့ ရွေးချယ်တာဝန်ပေးနိုင်အောင် ဒီနေ့လူငယ်များကို နေရာပေးမယ်၊ တာဝန်ပေးမယ်။ အဲ့ဒီအခါမှာ အတွေ့အကြုံဆိုတာလည်း လိုတယ်၊ အတွေ့အကြုံလိုတဲ့အတွက် လူငယ်တွေအတွေ့အကြုံကောင်း ရအောင် ပြီးတဲ့အခါမှာ တာဝန်တွေထမ်းဆောင်နိုင်အောင် အဲ့ဒီလိုအခွင့်အရေးတွေရအောင် မိမိတို့က ဖန်တီးပေးမယ်၊ မြေတောင်မြှောက်ပေးမယ်၊ ပေါင်းသင်ပေးမယ်၊ ရေလောင်းပေးမယ် အဲ့ဒီထဲက ထွက်လာတဲ့လူငယ်တွေက ဒီနေ့တိုင်းဒေသကြီး အဆင့်၊ နောက်တစ်ခါ ပြည်ထောင်စုအဆင့် နိုင်ငံတော်အဆင့် ဒီလိုတစ်ဖြေးဖြေးနဲ့ ပေါ်ထွက်လာဖို့အတွက်ကတော့ ရည်ရွယ်ပါတယ်။ စစဦးဆုံး လူငယ်တွေကို နေရာပေးမယ်၊ တာဝန်ပေးမယ် ဆိုပြီးတဲ့အခါမှာ စစဦး ဟိုး ထိပ်ဆုံးခေါင်းဆောင် လုပ်ပါ ဆိုတဲ့ဟာမျိုးကလည်း လက်တွေ့ကျတော့ ဖြစ်ချင်မှဖြစ်မယ်။ ဒါကြောင့်မို့လို့ လက်တွေ့ကျတဲ့ အတိုင်းနဲ့လုပ်ပါ၊ ဘာလဲဆိုရင် နေရာပေးမယ်၊ တာဝန်ပေးမယ် စမ်းသပ်ပေးမယ် ဒီအပေါ်ကို မူတည်တဲ့အခါမှာ သူ့နဲ့အဖွဲ့အစည်းက သူ့ကိုယုံကြည်တယ်ဆိုရင် ထိပ်ဆုံးကို ရောက်လာမယ်။ ဒါကြောင့်မို့လို့ နေရာပေးမယ် တာဝန်ပေးမယ် သိပ်အရေးကြီးတယ်၊ နေရာမပေး၊ တာဝန်မပေးဘူးဆိုလို့ရှိရင် သူ့ရဲ့အရည်အချင်းကိုလည်း မသိဘူး၊ သူ့ရဲ့စေတနာကိုလည်း မပေါ်နိုင်ဘူး။ ဒါကြောင့်မို့လို့ လူငယ်တွေကို နေရာပေးမယ်၊ တာဝန်ပေးမယ် ပြီးတဲ့အခါမှာ လူငယ်တွေကို ပျိုးထောင်ပေးမယ် ဆိုတဲ့ဟာကတော့ ပါတီရဲ့ မူဝါဒထဲမှာ ပါမှာပါ လို့ပဲ ပြောချင်ပါတယ်။

မေး။ ။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ပြည်သူလူထုကိုတင်ပြချက်ထဲမှာ ပြောသွားတာရှိပါတယ်။ ဘာလဲဆိုလို့ရှိရင် ပြည်ထောင်စုမြန်မာနိုင်ငံတော်နဲ့ ဆီလျှော်လိုက်ဖက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာရေးဆိုပြီးတော့ ပြောထားတာရှိပါတယ်၊ အဲ့ဒီတော့ ထပ်ဆင့်မေးချင်တာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲ ဝင်စဉ်ကာလပေါ့နော် ၊ ရွေးကောက်ပွဲမဲဆွယ်ကာလမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောတာက  ဖွဲ့စည်းပုံပြင်ရေးပေါ့နော် ဆိုတော့ ဒါမျိုးပြောတဲ့အခါကျတော့ ဒီပါတီနှစ်ခုရဲ့လားရာပေါ့နော် လားရာက တူနေတယ်လို့ ယူဆလို့ရပါတယ်၊ အဲ့ဒီတော့ ကျွန်တော်တို့ ဒီပါတီနှစ်ခုက ပါတီနှစ်ခုရဲ့ ရှေ့အလားအလာပေါ့ အဲ့ဒါလေးလည်း ပြောပေးစေလိုပါတယ်။

ဖြေ။ ။ ဟိုတုန်းက သူတို့ရဲ့ ရွေးကောက်ပွဲကြေညာစားတမ်းမှာ ပါတဲ့ဟာက သူ့အချိန် သူ့အခြေအနေနဲ့ ဖြစ်ပါလိမ့်မယ်။ အခုမိမိတို့ ပါတီထူထောင်တဲ့အခါမှာ ခုနက ရည်ရွယ်ချက်ထဲမှာ ဖော်ပြတဲ့ဟာက မိမိတို့ပါတီရဲ့ မိမိတို့ရဲ့လက်ရှိ အတွေးအခေါ်အမျှော်အမြင်ပဲဖြစ်ပါတယ်။ ဒါပေမယ့်လို့ ခုနက ဒီဟာနှစ်ခုဟာ သွားပြီးတော့ ဆင်တူတယ် တစ်ထပ်တည်းကျတယ်ဆိုရင်လည်း အမှန်တွေက သွားတူနေတာပဲဖြစ်နေတယ်။ ခုန လားရာလို့ပြောတဲ့နေရာမှာ မိမိတို့တစ်တွေ ခံယူထားတာက ပြည်ထောင်စုကောင်းကျိုးအတွက် ဖြစ်စေသော ဒီမိုကရေစီစနစ်၊ ပြည်ထောင်စုကောင်းကျိုးအတွက် ဖြစ်စေသော လူ့အခွင့်အရေးလုပ်တဲ့ မည်သည့်ပါတီမဆို မိမိတို့ရဲ့လက်တွဲဖော်များ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ခုနက ဒီအချက်အလက်တွေနဲ့ ကိုက်ညီတယ်ဆိုရင် မည်သည့်ပါတီ မည်သည့် အဖွဲ့အစည်းမဆို မိမိတို့ရဲ့ လက်တွဲဖော်များ ဖြစ်မယ်လို့ပဲ ဖြေပါရစေ။

မေး။ ။   ပါတီထောင်ရတဲ့ အကြောင်းရင်းတစ်ချက်မှာပေါ့လေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီလိုတယ် ဆိုတဲ့ရည်ရွယ်ချက်လည်း ပါတယ်လို့ ကြားသိရပါတယ်။ အဲ့ဒီတော့ မေးချင်တာ ကတော့ ဘယ်လိုနည်းလမ်းနဲ့များ ကူညီမလဲဆိုတာ သိလိုပါတယ် ခင်ဗျား။

ဖြေ။ ။ ခုနလိုပဲ ဘယ်ကမှန်း ကြားတာလဲ (ရယ်လျှက်) ဒါကတော့ အကြားပေါ့လေ၊ အဲ့ဒီတော့ ဖြေဖို့ခက်တယ်ဆိုလည်း မဖြေပါနဲ့။ အမြဲတမ်း မိမိအနေနဲ့ ပြောဆိုဆွေးနွေးတာရှိပါတယ် ၊ အဲ့ဒါဘာလဲဆိုတော့ ဒီနေ့ ပြည်သူ့မျက်နှာကြည့်၊တိုင်းပြည်မျက်နာကြည့် ပြည်သူအကျိုး တိုင်းပြည်အကျိုး လုပ်မယ်။ လူတစ်ယောက်ရဲ့ အကျိုးအတွက်မဟုတ်ဘူး အစုအဖွဲ့တစ်ခုရဲ့ အကျိုးမဟုတ်ဘူး။ ဒီလို အမြဲပြောတယ်။ ဒါကြောင့်မို့လို့ ခုနပြောတဲ့နေရာမှာ လူတစ်ယောက်အတွက်တော့ လုပ်တာမဟုတ်ဘူးဆိုတာလေး ဒါလေးပဲ သဘောပေါက်ဖို့လိုပါတယ်။ အဲ့ဒီတော့ ဘယ်ကကြားကြားပေါ့လေ၊ လူတစ်ယောက်အတွက်လုပ်တာမဟုတ်။ လုပ်တာ ပြည်ထောင်စုအတွက်လုပ်တာ နိုင်ငံတော်အတွက်လုပ်တာ ပြည်သူ့အတွက်လုပ်တာ။ ဒါပေမယ့် လုပ်တဲ့အခါမှာ ခုနက ကြားတဲ့အတိုင်းပေါ့လေ၊ သူလည်းနိုင်ငံသားတစ်ယောက် ဆိုလို့ရှိရင်တော့ သူ့အတွက်လည်းပါမှာ၊ ကိုယ့်အတွက်လည်းပါမှာ၊ တစ်နိုင်ငံလုံးအတွက်ပါမယ်။ ဒါကြောင့်မို့လို့ ခုန ကြားတဲ့အကြားကလည်း မှားတယ်လို့မပြောနိုင်သလို ခုနက အကုန်လုံးနိုင်ငံသားများရဲ့ ကောင်းကျိုး လုပ်မှာ ဖြစ်တဲ့အတွက် သူ့အတွက်လည်းပါတယ်၊ ဒီမှာရိုက်ကူးရေးအတွက် ပါဝင်တဲ့လူလည်းပါမယ်။ အဲ့ဒီအတွက် လုပ်တာပါလို့ပဲ ဖြေပါရစေ။  ။

( ဆက်ရန် )

ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်မယ့် သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း - အပိုင်း(၁) အပြည့်အစုံ - http://www.mizzimaburmese.com/article/55141

ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်မယ့် သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း - အပိုင်း( ၂ ) အပြည့်အစုံ - http://www.mizzimaburmese.com/article/55185

ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်မယ့် သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း - အပိုင်း( ၃ ) အပြည့်အစုံ - http://www.mizzimaburmese.com/article/55327

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly