သင်္ကြန်ရေကစားမဏ္ဍပ်များတွင် သံချပ်အဖွဲ့ ၂ဝကျော် ဖြေဖျော်ရန် ခွင့်ပြုချက်တင်မည်

သင်္ကြန်ရေကစားမဏ္ဍပ်များတွင် သံချပ်အဖွဲ့ ၂ဝကျော် ဖြေဖျော်ရန် ခွင့်ပြုချက်တင်မည်
၂၀၁၈ခုနှစ်သင်္ကြန်က မန္တလေးမဟာသင်္ကြန်တွင် သံချပ် လာရောက်ယှဉ်ပြိုင်ပုံများကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ - အောင်ကိုဦး

ရန်ကုန်၊မတ် ၁၄ ။               ။ ၂၀၁၉ ခုနှစ် ရန်ကုန်မြို့တော်၊သင်္ကြန်ပွဲတော်တွင် ဖျော်ဖြေရန်အတွက် သံချပ်အဖွဲ့ ၂ဝကျော် က စည်ပင်သာယာရေးကော်မတီသို့ ခွင့်ပြုချက်တင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သံချပ်အဖွဲ့များအနေဖြင့် သီချင်း၊ သံချပ်စာသားများကို ခွင့်ပြုချက်မတင်ပါက သင်္ကြန်မဏ္ဍပ်များတွင် ဖျော်ဖြေခွင့်ပြုမည်မဟုတ်သည့်အတွက် ကြိုတင်စိစစ်နိုင်ရန် မဟာသင်္ကြန် သီချင်း၊သံချပ်စိစစ်ကြပ်မတ်ရေး လုပ်ငန်း ကော်မတီသို့ ခွင့်ပြုချက်တင်သွားမည်ဖြစ်ကြောင်း ယင်းသံချပ်အဖွဲ့များထံမှ သိရသည်။

"ခွင့်ပြုချက်တင်မှာက အဖွဲ့ ၂ဝကျော်တယ်။ခုထိတော့ ခွင့်ပြုချက်တင်ဖို့ မခေါ်သေးဘူး။ သံချပ် စာသားတို့ ဘာတို့ကို အစိုးရနဲ့ ထိခိုက်မှုတွေကို ခေါ်ယူပြီး  ဖြတ်တောက် ညှိနှိုင်းမှာပေါ့။သိပ်တော့ ပြင်းပြင်း ထန်ထန် မဟုတ်ပါဘူး။ညှိနှိုင်းတဲ့သဘောပါပဲ " ဟု ပြည်သူ့မော်ကွန်း သံချပ်အဖွဲ့မှ ဦးစိန်ဝင်းက ပြောသည်။

သင်္ကြန်မဏ္ဍပ်များတွင် ဖျော်ဖြေကြမည့် သံချပ်အဖွဲ့များအနေဖြင့် သီချင်း၊သံချပ်စာသားများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံသို့ သတ်မှတ်ရက်အတွင်း လာရောက်တင်ပြရမည်ဖြစ်ပြီး  ပြည်ထောင်စုမပြို ကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ထိခိုက်မှု မရှိ စေရန်နှင့်  ဘာသာရေး၊လူမျိုးရေးထိခိုက်စေသည့် အသုံးအနှုန်းများ မပါဝင်စေရေးနှင့် နိုင်ငံတော်၊ အဖွဲ့ အစည်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့်သဘော မျိုးမပါရှိစေရေး၊ ရိုင်းပျ သည့် အသုံးအနှုန်းဟန်ပန်အမူအရာများ မပါရှိစေရေးစသည့် အချက်တို့ကို ခွင့်မပြုခဲ့ကြောင်း ရန်ကုန်မဟာသင်္ကြန် သီချင်း၊ သံချပ်စိစစ်ကြပ်မတ်ရေးလုပ်ငန်းကော်မတီမှ ကြေညာထားသည်။

၂၀၁၅ခုနှစ်သင်္ကြန်တွင် သံချပ်အဖွဲ့ ၁၈ဖွဲ့၊၂၀၁၆ခုနှစ်သင်္ကြန်တွင် သံချပ်အဖွဲ့ ၂ဝကျော်၊ ၂၀၁ရခုနှစ် သင်္ကြန် တွင်  သံချပ်အဖွဲ့ ၂၈ဖွဲ့နှင့် ၂၀၁၈ခုနှစ်သင်္ကြန်တွင်လည်း သံချပ်အဖွဲ့ ၂ဝကျော်ဖျော်ဖြေခဲ့ကြောင်း သံချပ် ဖျော်ဖြေရေး အဖွဲ့များထံမှ သိရှိရသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly