အမှောင်ကျနေတဲ့ ဗင်နီဇွဲလားမှာ လျှပ်စစ်မီး ပြန်လည်ရရှိရေး ကူညီမည်ဟု တရုတ် ကမ်းလှမ်း

အမှောင်ကျနေတဲ့ ဗင်နီဇွဲလားမှာ လျှပ်စစ်မီး ပြန်လည်ရရှိရေး ကူညီမည်ဟု တရုတ် ကမ်းလှမ်း

ပေကျင်း၊ မတ် ၁၃ ။        ။ ဗင်နီဇွဲလားနိုင်ငံမှာ ရက်အတန်ကြာပြီဖြစ်တဲ့ လျှပ်စစ်မီးတွေ အကြီးအကျယ် ပြတ်တောက်နေတာကို မီးပြန်လည်ရရှိရေး ကူညီမယ်လို့ တရုတ်နိုင်ငံက ဗုဒ္ဓဟူးနေ့မှာ ကမ်းလှမ်းလိုက်ပါတယ်။
ခုလို နိုင်ငံတွင်း လျှပ်စစ်မီးတွေ အကြီးအကျယ် ပြတ်တောက်နေတာဟာ အမေရိကန်ရဲ့ ဆိုင်ဘာတိုက်ခိုက်မှုကြောင့်လို့ သမ္မတ မာဒူရိုက အပြစ်ဆိုထားပါတယ်။

“ဗင်နီဇွဲလားအနေနဲ့ လျှပ်စစ်မီး ပြတ်တောက်ရတဲ့ ပြဿနာရင်းမြစ်ကို မြန်မြန်ဆန်ဆန် ရှာဖွေ ဖော်ထုတ်နိုင်ပြီး ပုံမှန် မီးပြန်လည်ရရှိလာနိုင်မယ်လို့ မျှော်လင့်ထာားပါတယ်။”လို့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လုကောင်းက ပြောပါတယ်။

“တရုတ်နိုင်ငံအနေနဲ့ ဗင်နီဇွဲလားရဲ့ လျှပ်စစ်ဓာတ်အားပေးစနစ် ပုံမှန်ပြန်ဖြစ်ရေးအတွက် အကူအညီနဲ့ နည်းပညာတွေ ထောက်ပံ့သွားဖို့ ဆန္ဒရှိနေပါတယ်။”လို့လည်း ၎င်းက ပြောပါတယ။

ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ နယ်မြေအရပ်အချို့မှာ မီးပြန်လည် ရရှိပြီဖြစ်ပေမယ့် မကြာမကြာ ပြတ်တောက်နေဆဲပဲ ဖြစ်ပါတယ်။

မာဒူရိုဟာ ရုရှားနဲ့ တရုတ်တို့အပါအဝင် ၎င်းရဲ့ မဟာမိတ်တွေထံက အကူအညီတောင်းခံထားသလို ဒီလို လျှပ်စစ်မီးပြတ်တောက်တာဟာ အမေရိကန် ဆိုင်ဘာတိုက်ခိုက်မှုကြောင့်လို့ ဆိုရင်း ကုလသမဂ္ဂအနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့လည်း တောင်းဆိုထားပါတယ်။

တရုတ်နိုင်ငံဟာ ဒီဆိုင်ဘာတိုက်ခိုက်တယ်ဆိုတဲ့ သတင်းကြားရပြီး အရမ်း စိုးရိမ်ကြောင်း လုကောင်းက ပြောပေမယ့် အမေရိကန်နိုင်ငံကို တိုက်ရိုက်အပြစ်ဆိုခြင်း မရှိခဲ့ပါ။

လျှပ်စစ်မီးတွေ ပြတ်တောက်ချိန်ကစပြီး နိုင်ငံတွင်းက စာသင်ကျောင်းနဲ့ လုပ်ငန်းဌာနတွေကို သမ္မတ မာဒူရိုအမိန့်နဲ့ ပိတ်ထားရပြီလည်း ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly