လမ်းတံတားနှင့် ရေဆင်းတံတား ၄ခုအတွက် RFA ၏ ရေးသားဖော်ပြမှု ပြန်မတောင်းပန်ပါက တရားစွဲမည်

လမ်းတံတားနှင့် ရေဆင်းတံတား ၄ခုအတွက် RFA ၏ ရေးသားဖော်ပြမှု ပြန်မတောင်းပန်ပါက တရားစွဲမည်

မြိတ်၊ မတ် (၁၃) ။       ။ မြိတ်မြို့ပေါ်ရှိ လမ်းတံတားနှင့် ရေဆင်းတံတား ၄ခုအတွက် ဝန်ကြီးချုပ်ဟောင်းအပါဝင် စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းနှင့် မြိတ်မြို့စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုတို့သည် ယင်းလုပ်ငန်းများ၏ ငွေကြေးတချို့ကို ခွဲဝေသုံးစွဲထားကြောင်း RFA ၏ ရေးသားဖော်ပြမှုသည် မှားယွင်းနေပြီး အဆိုပါကိစ္စကို ပြန်မတောင်းပန်ပါက တရားစွဲဆိုသွားမည်ဟု သိရသည်။

အဆိုပါ ကိစ္စအတွက် ရှင်းလင်းပွဲကို မတ်လ ၁၃ ရက်နေ့က မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီရုံးတွင် လမ်းဦးစီးဌာန၊ ကုမ္ပဏီများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့မိ မြို့ဖများကို ခေါ်ယူ၍ ရှင်းလင်းမှုများကို ပြုလုပ်ခဲ့သည်။

မတ်လ ၁၁ ရက်နေ့က RFA သတင်းဌာနက ရေးသား ဖော်ပြထားသည့် “လမ်းဦးစီးဌာနကို တစ်လုံးတစ်ခဲထဲ ငွေကျပ် ၁.၉ ဘီလီယံ ထုတ်ယူခွင့်ပေးတဲ့ ကိစ္စနဲ့ဆက်စပ်လို့ နောက်ပိုင်း အကျိုးအမြတ်ကို ဝန်ကြီးချုပ်၊ စီမံ/ဘဏ္ဍာဝန်ကြီးနဲ့ မြိတ်စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌတို့ ခွဲဝေယူတာ ဖြစ်တယ်”ဟု စွပ်စွဲ ပြောဆို ထားကြောင်း မြိတ်မြို့စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုက ပြောသည်။

ဦးမြတ်ကိုကို က ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်နှင့် ပတ်သက်၍ ဆောက်လုပ်ရေးက ၁.၉ ဘီလီယံထဲမှ ရေဆင်းတံတား ၃ စင်းထဲက အကျိုးအမြတ်တချို့ကို ခွဲဝေယူထားသည်ဆိုသည့် စကားလုံးများ သုံးနှုန်းထား ခြင်းသည် မှားယွှင်းသည့် သတင်းတစ်ခုကို ဖော်ပြခြင်း ဖြစ်ကြောင်း မြိတ်အခြေစိုက် မီဒီယာများက မေးမြန်းစဉ် ဖြေကြားခဲ့သည်။

မြိတ်ကမ်းနားလမ်းရှိ ရေဆင်း တံတား ၂ စင်း၊ မြို့သစ်နှင့် နောက်လယ်အကြား ဖြတ်လမ်း တံတား ၁ စင်းနှင့် အိုးလုပ်ပြင်ရပ်ကွက် ကျေးရွာ ရေဆင်း တံတား ၁ စင်း စုစုပေါင်း တံတား ၄ စင်းသည် တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တိုင်းလမ်းဦးစီးဌာနသို့ ချပေးခဲ့ခြင်းဖြစ်ပြီး၊ ခရိုင်မှ တဆင့် မြို့နယ် လမ်းဦးစီးဌာနကို ချပေးခဲ့ခြင်းသာ ဖြစ်ကြောင်း မြို့နယ် လမ်းဦးစီးဌာနမှ သိရသည်။

“အခု သတင်းဌာန တစ်ခုနှင့် လူမှုကွန်ယက်ပေါ်မှာ ရေးသားထားတဲ့ အချက်တွေက မဟုတ်မမှန်သော မှားယွှင်းတဲ့ သတင်း တစ်ခု ဖြစ်ပါတယ်။ အခု လုပ်ငန်းတွေကလည်း တိုင်းအစိုးရအဖွဲ့က နေပြီးတော့ တိုင်းလမ်းဦးစီးကို လွှဲပြောင်း ပေးအပ်ထားတာ ဖြစ်ပါတယ်။ ဘယ်သူက ဘယ်သူကို အကျိုးအမြတ်တွေ ခွဲဝေပေးထားတယ် ဆိုတာ မရှိပါဘူး”လို့ မြိတ်မြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းအောင်က ပြောဆိုသည်။

လမ်းဦးစီးဌာနမှ ဆောက်ရွက်လျက်ရှိသည့် တံတား ၄ စင်းသည်၊ မြို့၏ ဧရိယာထဲတွင် ပါဝင်နေခြင်း ဖြစ်၍ မြို့နယ် စည်ပင်သာယာရေးကော်မတီ မှ ဝင်ရောက် ကြပ်မတ်ခြင်းသာ ဖြစ်ကြောင်း သိရသည်။

 “ကျွန်တော်ရေးတဲ့ သတင်းနဲ့ ပတ်သက်ပြီး အခုချိန် အထိတော့ ဦးမြတ်ကိုကိုက ကျွန်တော်ဆီ သတိပေး အကြောင်းပြန်လာတာမျိုးတော့ မရှိသေးပါဘူး။ ဒါကိုလည်း ဘာမှတော့ ပြောစရာမရှိပါဘူး။ ပြဿနာ တစ်ခုခု တက်လာရင်တော့ ရုံးက အယ်ဒီတာတွေပဲ ရှင်းပါလိမ့်မယ်”  ဟု RFA သတင်းထောက် ကိုကျော်လွင်ဦးက ပြောသည်။

အထက်ပါ RFA သတင်းဌာနတွင် ရေးသားဖော်ပြမှုနှင့်ပတ်သက်၍ မှားယွှင်းနေသည့်အတွက် ပြန်လည် တောင်ပန်ရန် လိုအပ်ကြောင်း၊ မတောင်းပန်ပါက တရားစွဲဆိုသွားမည်ဟု ဦးမြတ်ကိုကိုက ရှင်းလင်းပွဲတွင် တုန့်ပြန်ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly