ကမ်းခြေစောင့်တပ်ဖွဲ့ကို တပ်မတော်ကွပ်ကဲမှုအောက်တွင်သာ ထားရှိရန် စီစဉ်နေ

ကမ်းခြေစောင့်တပ်ဖွဲ့ကို တပ်မတော်ကွပ်ကဲမှုအောက်တွင်သာ ထားရှိရန် စီစဉ်နေ
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

နေပြည်တော်(မတ်လ ၁၃ရက်၊ ၂၀၁၉ခုနှစ်)။        ။ မြန်မာ့ရေပိုင်နက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ကမ်းခြေစောင့်တပ်ဖွဲ့ ထားရှိရန် လိုအပ်နေသောကြောင့် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ဖွဲ့စည်းသွားရန် စီစဉ်နေသည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားလိုက်သည်။

  မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အဓိကဆောင်ရွက်ရသည့် ကမ်းခြေစောင့် တပ်ဖွဲ့အား နိုင်ငံတကာနည်းတူ ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်နေပြီး လက်ရှိ မြန််မာနိုင်ငံတွင် ဖွဲ့စည်းနိုင်ခြင်း မရှိသေးသဖြင့် တပ်မတော်(ရေ)မှ တာဝန်ယူဆောင််ရွက်နေကြောင်း ဗိုလ်ချုပ်မြင့်နွယ်က ပြောသည်။

ကျောက်တန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဒေါ်အေးမြမြမျိုးက မတ်လ ၁၃ရက်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မြန်မာ့ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် လုံခြုံရေးအင်အားနှင့် နည်ပညာ တိုးမြှင့်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုအပေါ် ကာကွယ်ရေးဒုဝန်ကြီးက လွှတ်တော်တွင် လာရောက် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃၉ အရ “နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်” ဟု ပြဋ္ဌာန်းထားသည့်အတွက် “မြန်မာ့တပ်မတော်အနေဖြင့် ကမ်းခြေစောင့် တပ်ဖွဲ့အား ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် ထည့်သွင်းဖွဲ့စည်းပြီး တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ထားရှိ ၍ အထက်အပိုဒ် (စ)ပါ လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရေး၊ လွှတ်တော်သို့ တင်ပြ၊ အတည်ပြုချက် ရယူပြီး ဖွဲ့စည်းတာဝန်ပေးအပ်ရေး ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဗိုလ်ချုပ်မြင့်နွယ်က လွှတ်တော်တွင် ရှင်းလင်းပြောကြားသည်။

၂၀၁၈ခုနှစ်၊ နှစ်ကုန်ပိုင်းက နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနရုံးတွင် ကမ်းခြေစောင့် တပ်ဖွဲ့စည်းရေးအတွက် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သေးသည်။ ကမ်းခြေစောင့်တပ်ဖွဲ့ကို တပ်မတော်၏ လက်အောက်တွင် မဟုတ်ဘဲ အရပ်ဘက်အဖွဲ့အစည်းတစ်ခုအဖြစ် ဖွဲ့စည်းလိုကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ဇန်နဝါရီလ ၂၆ရက်တွင် ပြောဆိုထားသည်။

ကျောက်တန်းမြို့နယ်အမတ် ဒေါ်အေးမြမြမျိုးက “ကမ်းခြေစောင့်တပ်က တခြားနိုင်ငံတွေမှာဆိုရင် အရပ်သားရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်လို့ ကျွန်မ သိထားတယ်။  ကျွန်မတို့နိုင်ငံရဲ့အနေအထားနဲ့ဆိုရင် ဘယ်ဟာက  အကောင်းဆုံးဖြစ်မလဲဆိုတာကတော့ ဒါက အားလုံးဝိုင်းပြီး စဉ်းစားဖို့လိုတယ်” ဟု လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် မီဒီယာများကို ပြောသည်။

မည်သည့် လက်အောက်တွင် ဖွဲ့စည်းစေကာမူ တာဝန်ရှိသူအားလုံး ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန် လိုအပ်သည်ဟုလည်း ဒေါ်အေးမြမြမျိုးက ဆိုသည်။ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာ ၁၆ရက် နံနက်ပိုင်းက ၎င်း၏ မြို့နယ်အတွင်း စက်လှေတစ်စင်းဖြင့် အထောက်အထားမဲ့ ၁၀၆ ဦး ဝင်ရောက်လာသည့် ကိစ္စတွင် ရွာသား တစ်ဦးက ပြောမှသိရသည်ဟုလည်း ဒေါ်အေးမြမြမျိုးက ဥပမာပေးသည်။

“ကျွန်မ အစိုးရိမ်ဆုံးက ဌာနတစ်ခုနဲ့တစ်ခု ချိတ်ဆက်ဆောင်ရွက်မှုပဲ။ ကျွန်မဆီမှာဆိုရင် တရားမဝင် ဝင်ရောက် လာတဲ့သူတွေ ဝင်ရောက်တဲ့အခါ မြို့နယ်မှူးတွေ၊ ရေကြောင်းရဲတွေ၊ တပ်စခန်းတွေရဲ့ ချိတ်ဆက် ဆောင်ရွက်မှုက အင်မတန်ကို ဆိုးဆိုးရွားရွားဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ကမ်းခြေစောင့်တပ်ဖွဲ့များအနေဖြင့် မြန်မာ့ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပင်လယ်ဓါးပြရန် ကာကွယ်ရေး၊ ကုန်သွယ်ရေကြောင်းလိုင်းများ ရေယာဉ်နှင့် ဆိပ်ကမ်းများ ဘေးကင်းလုံခြုံရေး၊ ရေကြောင်း မတော်တဆမှုများ စုံစမ်းစစ်ဆေးရေး၊ ပင်လယ်ပြင်ရှိ ကမ်းခြေသယံဇာတနှင့် ငါးလုပ်ငန်း အထိ ရေကြောင်း အကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက်ရေး၊ ပင်လယ်ပြင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊ ရေထုညစ်ညမ်းမှုကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး၊ ရေကြောင်းနယ်နိမိတ် စောင့်ကြပ် ကြည့်ရှုရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် သွားလာနေသော အပန်းဖြေစက်တပ်ရွက်လွှင့်ခရီးစဉ်များ၊ ဟိုတယ် နှင့် ခရီးသွားလာရေးလုပ်ငန်း ဆောင်ရွက်နေသော ကျွန်းများရှိ အပန်းဖြေစခန်း၊ အပန်းဖြေပြည်သူများ နှင့် ရေလုပ်သားများ၏ လုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီစောင့်ရှောက်ပေးရေး စသည်တို့ကို အဓိက ဆောင်ရွက်ရသည်ဟု ဗိုလ်ချုပ်မြင့်နွယ်က လွှတ်တော်သို့ ရှင်းပြခဲ့သည်။

အဆိုပါ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းပြီးပါက တပ်မတော်(ရေ)၏ ကွပ်ကဲမှုဖြင့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့၊ မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့၊ အကောက်အခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ရေကြောင်း ပို့ဆောင် ရေးညွန်ကြားမှုဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စသည့် အဖွဲ့အစည်းများမှ ကျွမ်းကျင်သူများ ပါဝင်သော စင်တာတစ်ခု တည်ထောင်သွားမည်ဟုလည်း ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားသည်။

 အဆိုပါ စင်တာကို တပ်မတော်(ရေ)မှ ဦးဆောင်ပြီး “သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား သတင်းအချက် အလက်များ ရယူဖလှယ်ကာ အချိန်နှင့်တပြေးညီ ဆုံးဖြတ်၊ တုံ့ပြန်ဆောင်ရွက်သွားခြင်းဖြင့် မြန်မာ့ပင်လယ်ပြင် အား ပိုမိုလုံခြုံ၊ စိတ်ချစွာ ကာကွယ်၊ စောင့်ရှောက်သွားနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

 လက်ရှိတွင် မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းတစ်လျှောက်တွင် တပ်မတော်(ရေ)က လုံခြုံရေး ဆောင်ရွက် လျက်ရှိရာ ၂၀၁၁ခုနှစ်မှ ၂၀၁၈ နှစ်ကုန်ထိ ပြည်တွင်း ငါးခိုးလှေ ၉၄စီး၊ ပြည်ပ ငါးခိုးလှေ ၈၃စီး၊ ငါးမိုင်းခွဲလှေ ၃၉စီး၊ မှောင်ခိုလှေ ၃ဝစီး၊ စည်ကမ်းပျက် ငါးဖမ်းလှေ ၁ဝဝစီး၊ မူးယစ်ဆေးဝါးသယ်ဆောင်လှေ ရရစီး၊ သစ်ခိုး လှေ ၂၆ဝစီး၊ လူမှောင်ခိုလှေ ၁ရစီး၊ တရာမဝင် ဆီတင်လှေ ၅စီး၊ ကျွဲ၊ နွား၊ ဆိတ် မှောင်ခိုလှေ ၅၄စီး၊ တရား မဝင် စက်တပ်လက်ခတ်လှေ ရစီး၊ စုစုပေါင်း ၇၆၆စီးတို့အား မြန်မာနိုင်ငံသား တရားခံ ၃၆ရရဦး၊ နိုင်ငံခြားသား တရားခံ ၁၅၉၈ဦး၊ စုစုပေါင်း ၅၂၇၅ဦးတို့နှင့်အတူ ဖမ်းဆီးရမိပြီး ဖမ်းဆီးရမိ တန်ဖိုးငွေမှာ ကျပ်ဘီလီယံ ၂၂၀ ကျော် ဖြစ်သည်ဟု ကာကွယ်ရေးဒုဝန်ကြီးက လွှတ်တော်တွင် ရှင်းလင်းပြောဆိုသွားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required