အပြီးသတ် ထိုးစစ်ဆင်နွှဲစဉ် အိုင်အက်စ်တိုက်ခိုက်ရေးသမား ၂၀၀၀ နီးပါး လက်နက်ချ

အပြီးသတ် ထိုးစစ်ဆင်နွှဲစဉ် အိုင်အက်စ်တိုက်ခိုက်ရေးသမား ၂၀၀၀ နီးပါး လက်နက်ချ
Photo: AFP

ဒမတ်စကပ်၊ မတ် ၁၃ ။    ။ ဆီးရီးယားက အိုင်အက်စ်နောက်ဆုံး ခြေကုပ်စခန်းကို နောက်ဆုံးထိုးစစ်ဆင်ရာမှာ ဂျီဟတ်ဝါဒီအများစုပါဝင်တဲ့ လူ ၂၀၀၀ နီးပါး လက်နက်ချလာကြောင်း ကာ့ဒ်ဦးဆောင်တဲ့ တပ်ဖွဲ့တွေက ပြောပါတယ်။

ထိုးစစ်ခဏ နားပြီးနောက် လေကြောင်းစီးနင်းမှုနဲ့ အမြောက်ကြီးပစ်ကူခြင်းနဲ့ တစ်ဖန်ပြန်တိုက်စစ်ဆင်တဲ့အချိန်မှာ အင်္ဂါနေ့မှာ ခုလို လက်နက်ချလာကြတာပဲ ဖြစ်ပါတယ်။

၂၀၁၄  ခုနှစ်ကနေ စတင်ကာ ဆီးရီးယားနဲ့ အီရတ်နယ်မြေများစွာကို သိမ်းယူပြီး အစ္စလာမ္မစ်နိုင်ငံတော် တည်ထောင်တဲ့ အိုင်အက်စ်တွေဟာ ခုဆိုရင် ဆီးရီးယားအရှေ့ပိုင်းက ဘက်ဟော့ဇ်ရွာကိုပဲ လက်ရသိမ်းပိုက်ထားနိုင်တော့တာ ဖြစ်ပါတယ်။

အမေရိကန် ကျောထောက်နောက်ခံပြုတဲ့ ဆီးရီးယားဒီမိုကရတ်တစ်တပ်ဖွဲ့ SDF က သီတင်းပတ်ကြာ အိုင်အက်စ်ခြေကုပ်နယ်မြေကို ထိုးစစ်ဆင်နေတာ ဖြစ်ပေမယ့် မြစ်ကမ်းပါး ဘက်ဟော့ဇ်ရွာကနေ အမျိုးသား၊ အမျိုးသမီိးနဲ့ ကလေးငယ်တွေ အမြောက်အမြား ထွက်ပြေးလာနေတာကြောင့် တိုက်စစ် တန့်တန့်နေရတာပါ။

တနင်္ဂနွေနေ့မှာတော့ ကျန်ရှိနေဆဲ အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေကို အချိန်ကျပြီလို့ သတိပေးပြီးနောက် တိုက်စစ်သစ် စဖွင့်တာဖြစ်ပါတယ်။
ဘက်ဟော့ဇ်ရွာကို လေကြောင်းပစ်ကူမှုနဲ့ အမြောက်ကြီး ပစ်ကူမှုတွေကို သုံးညတိုင်တိုင် ဆင်နွှဲတာဖြစ်ပြီး အိုင်အက်စ်တော်တော်များများကို သုတ်သင်နိုင်ကာ ဂျီဟတ်ဝါဒီနဲ့ ၎င်းတို့ရဲ့ ဆွေမျိုးသားချင်းတွေလည်း လက်နက်ချလာတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly