ရခိုင်လွတ်လပ်သောစုံစမ်းရေးကော်မရှင်သည် တရားမျှတမှုနှင့်တာဝန်ခံမှုအတွက် အလားမရှိဟု ICJ ဝေဖန်

ရခိုင်လွတ်လပ်သောစုံစမ်းရေးကော်မရှင်သည် တရားမျှတမှုနှင့်တာဝန်ခံမှုအတွက် အလားမရှိဟု ICJ ဝေဖန်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားရှိ ဒုက္ခသည်စခန်းရှိ မိသားစုတစ်စုအား တွေ့မြင်ရစဉ်။ ဓာတ်ပုံ-AFP

မတ်လ ၁၁ ။            ။ ရခိုင်ပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့ကြောင်း နိုင်ငံတကာမှ ဝေဖန်ပြောဆိုမှုများအပေါ် စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းခဲ့သည့်  ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သောစုံစမ်းရေးကော်မရှင် (IOEC)နှင့် ပတ်သက်ပြီး သဘောထား ထုတ်ပြန်ချက်တစ်ရပ်ကို ICJ (International Commission of Jurists) မှ  မတ်လ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သောစုံစမ်းရေးကော်မရှင် (IOEC) သည် လူ့အခွင့်အရေးချိုးဖောက်မှုများ အတွက် တရားမျှတမှု သို့မဟုတ် တာဝန်ခံမှု ဖြစ်ပေါ်လာအောင် မည်သည့်အလားအလာမျှ မရှိကြောင်း၊ ပွင့်လင်းမြင်သာမှု မရှိကြောင်း ICJ မှ သဘောထားထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုထားသည်။

မြန်မာအစိုးရအနေဖြင့် အဓမ္မပြုကျင့်မှုကျူးလွန်ကြောင်းစွပ်စွဲချက်များအား “Wild claims” (အခြေအမြစ် မရှိသော ပြောဆိုချက်များ) အဖြစ် ဖေဖော်ဝါရီလတွင် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးစာချုပ် (CEDAW)ကော်မတီထံပေးပို့သည့် အစီရင်ခံစာတွင် ထည့်သွင်းထားခြင်း စသည့် အချက်များ ပါဝင်နေသည်။

IOEC သည် လူ့အခွင့်အရေးများ ချိုးဖောက်မှု ရှိ၊ မရှိ စုံစမ်းရှာဖွေရန် မြန်မာအစိုးရမှ ဦးဆောင်ပြီး ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်က ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ ့နှင့် နောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များနှင့်သက်ဆိုင်သော အချက်အလက်များကို ရှာဖွေနေခြင်း ဖြစ်သည်။

သဘောထားထုတ်ပြန်ချက် ထုတ်ပြန်သူ ICJ အနေဖြင့် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၂ ရက်နေ့တွင် IOEC  ဥက္ကဋ္ဌအား မေးခွန်း ၄ ခုကို စာဖြင့် ရေးသားမေးမြန်းခဲ့မှုအပေါ် စာကိုလက်ခံရရှိကြောင်း အသိအမှတ် ပြုခဲ့သော်လည်း အဆိုပါမေးခွန်းများအား ပြန်လည် ဖြေကြားခဲ့ခြင်းမရှိကြောင်း ဖော်ပြပါရှိသည်။

အဆိုပါ မေးခွန်း ၄ ခုမှာ  “တစ်ဦးချင်းလူပုဂ္ဂိုလ်များ၊ အုပ်စုများ၊ မျက်မြင်သက်သေများနှင့် ကျူးလွန်ခံခဲ့ရသည် ဟု ယူဆရသူများအား ၎င်း၏ တိုင်ကြားမှုများ သို့မဟုတ် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို အထောက်အကူပြု အချက်အလက်များနှင့်၊ သက်သေနှင့်တကွ တင်ပြရန်” ဖိတ်ခေါ်ခဲ့သော“ တင်ပြမှုများ ခေါ်ယူခြင်း” အပေါ် ICJ မှ  မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ရခိုင် ဖြစ်စဉ်များနှင့်စပ်ဆိုင်သောသက်သေခံချက်များ၊ မှတ်တမ်းဓာတ်ပုံ၊ အထောက်အထား၊ အသံဖိုင်၊ ရုပ်မြင်သံကြားဖိုင် အစရှိသည့် သက်သေခံချက်များကို ပြစ်မှုကျူးလွန်ခံရသူများ၊ သက်သေများ၊ အုပ်စု အဖွဲ့အစည်းများနှင့် တစ်ဦးချင်းပုဂ္ဂိုလ်များက မြန်မာ၊အင်္ဂလိပ်၊ရခိုင်၊ဘင်္ဂလီ စာတစ်မျိုးမျိုးဖြင့် ရေးသားဖော်ပြပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထား တင်သွင်းရန် လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ကော်မရှင်(IOEC)မှ က ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် အများပြည်သူတင်ပြမှုများ ပြုလုပ်နိုင်သည့် နောက်ဆုံးရက်( ဇန်နဝါရီလ ၃၁ ရက်) ကို ယခုအခါ ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး IOEC အနေဖြင့် နှုတ်ဆိတ်နေကြောင်း အဆိုပါ သဘောထားထုတ်ပြန်ချက်တွင် ပါရှိထားသည်။

မြန်မာအစိုးရမှ IOEC ကို ကော်မရှင်ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယို မယ်နာလို၊ လူသားချင်းစာနာထောက်ထားမှုကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် သံအမတ်ကြီး ကင်ဇိုအိုရှီးမား ၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဥက္ကဌဟောင်း ဦးမြသိန်းနှင့် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် တို့ကို အဖွဲ့ဝင်များအဖြစ် ပါဝင်ဆောင်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly