၅ဝဝတန်ထီလက်မှတ်များ ရပ်နားရန် တင်ပြလာမှုအပေါ် ပြန်လည်စိစစ်နေ

၅ဝဝတန်ထီလက်မှတ်များ ရပ်နားရန် တင်ပြလာမှုအပေါ် ပြန်လည်စိစစ်နေ

ရန်ကုန်၊မတ် ၁၂ ။          ။ ကျပ် ၅ဝဝတန်ထီလက်မှတ်များကို ဧပြီလ၌ ထီစျေးကွက်တွင် ဆက်လက်မဖြန့်ဖြူးရန်အတွက် ထီ ကိုယ်စားလှယ် လုပ်ငန်းရှင်များ၏ တင်ပြမှုအပေါ် ပြန်လည်စိစစ်မှုများပြုလုပ်နေကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

 “သူတို့ဟာက ကျပ်၅ဝဝတန်ထီတွေကို မထုတ်ဘူးဆိုလည်း မထုတ်ခွင့်ရှိတယ်။သို့သော်လည်းပဲ တင်ထားတဲ့ Deposit (စပေါ် စရန်ငွေ)တော့ အဆုံးရှုံးခံရမယ်။အဲဒါမျိုး သူတို့မှာ လုပ်ပိုင်ခွင့်ရှိပါတယ်။ဒါကို ကျွန်တော်တို့ Recview လုပ်နေတယ်။ပြီးရင်တော့ တရားဝင်ထုတ်ပြန်သွားမယ်။ခွင့်ပြုမယ်၊မပြုဘူးဆိုတာ လုပ်မယ်မလုပ်ဘူး။ မလုပ်ဘူးဆိုတာကို ”ဟု  ဦးမင်းထွဋ်က ဆိုသည်။

အဆိုပါ ကျပ်၅ဝဝတန်ထီလက်မှတ်များကို မေလတွင် ရပ်နားမည်ဟု တရားဝင်ကြေငြာထားသော်လည်း ထီလုပ်ငန်းရှင်အများစုမှ ကျပ်၅ဝဝတန်ထီလက်မှတ်များကို လာမည့် ဧပြီလတွင် စျေးကွက်တွင် မဖြန့်ဖြူးရန် တင်ပြခြင်းဖြစ်ကြောင်း သိရသည်။

“တစ်မျိုးတည်းဖြစ်ရင် ပိုကောင်းတာပေါ့။ဘာလို့လဲဆိုတော့ ထီ၅ဝဝတန်ကို လူတွေက သိပ်စိတ်မဝင်စားဘူး။ တစ်ထောင်တန်ကို ပိုစိတ်ဝင်စားကြတယ်။နှစ်မျိုးရောင်းရတော့ ကုန််ဖို့အတွက် စျေးလျော့ရောင်းရတာတွေ ရှိတယ်။တစ်ထောင်တန်ထီတစ်ခုတည်းဖြစ်သွားရင်တော့ အရှုံးနည်းနည်းသက်သာသွားမယ်လို့ ထင်တယ်” ဟု ငုံဥထီဆိုင်ပိုင်ရှင် ဦးလှဝင်းက ပြောသည်။

ဖေဖော်ဝါရီလမှ စတင်ကာ  ကျပ်တစ်ထောင်တန်ထီလက်မှတ်များကို စတင်ရောင်းချခဲ့ခြင်းပြီး ယင်းကျပ်တစ် ထောင်တန်ထီလက်မှတ်များနှင့် ကျပ်၅ဝဝတန်ထီလက်မှတ်များကို ပူးတွဲရောင်းချလျက်ရှိရာ ထီလုပ်ငန်း ရှင်များသည် စျေးကွက်ထိန်းနိုင်ရန်အတွက် ကျပ်တစ်ထောင်တန်ထီ တစ်မျိုးတည်းကိုသာ ရောင်းချလိုကြောင်း ထီစျေးကွက်မှ သိရသည်။

“လာမယ့် ဧပြီလမှာရောင်းမယ့် ၅ဝဝတန်ထီကို စျေးကွက်ထဲမှာ တစ်ထောင်တန်နဲ့ ၅ဝဝတန်ရောင်းတော့ တစ်ထောင်တန်ကလူကြိုက်များပြီး ငါးရာတန်က လူကြိုက်နည်းတယ်။နည်းတဲ့အတွက်ကြောင့် ၅ဝဝတန်ကို သူတို့တင်ထားတဲ့ Deposit ကိုတော့ အဆုံးရှုံးခံမှာပေါ့။အဆုံးရှုံးခံပြီးတော့ ဒါကို ထုတ်ယူခွင့်မပြုဖို့ဆိုပြီး တင်ပြထားတာရှိတယ်။စုစည်းပြီးတော့ ထီလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူတွေက လက်မှတ် တွေရေးထိုးတင်ပြထားတာရှိတယ်။ဒါတွေကို ကိုယ်တို့ Review လုပ်နေတယ် ”ဟု ဦးမင်းထွဋ်က ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်ရောင်းချခဲ့သည် ကျပ်တစ်ထောင်တန်ထီလက်မှတ်များကို မတ်လ ၁ရက်နေ့ ထီဖွင့်ပွဲမတိုင်မီအထိ ကျပ်၄ဝဝဖြင့်ရောင်းချခဲ့ရပြီး ကျပ်၅ဝဝတန်ထီလက်မှတ်များကို စျေးနှုန်းထက်ဝက်နီးပါးဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly