အငြင်းပွားနေသော လွိုင်ကော်ဗိုလ်ချုပ်ကြေးရုပ်ကို မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထား ရွေ့ပြောင်းပေးရန် ကရင်နီလူငယ်များ တောင်းဆို

အငြင်းပွားနေသော လွိုင်ကော်ဗိုလ်ချုပ်ကြေးရုပ်ကို မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထား ရွေ့ပြောင်းပေးရန် ကရင်နီလူငယ်များ တောင်းဆို
 ဓာတ်ပုံ - Kayan New Generation Youth - KNGY

ရန်ကုန် ၊ မတ် ၁၂ ။         ။ ဒေသခံများ ဆန္ဒမပါဝင်ဘဲ လွိုင်ကော်မြို့ရှိ အငြင်းပွားဖွယ်ရာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို လာမည့် မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး ရွေ့ပြောင်းပေးရန် ကရင်နီပြည်လူငယ်များအင်အားစုအဖွဲ့မှ ပြည်နယ် အစိုးရအား တောင်းဆိုလိုက်သည်။

ကြေးရုပ်တုကိစ္စနှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးရန် အစိုးရနှင့် ဆန္ဒပြလူငယ်များအကြား သဘောတူညီထား သည့် အချိန် တစ်လပြည့်မြောက်ခဲ့ပြီ ဖြစ်သော်လည်း အစိုးရဘက်မှ တစ်စုံတရာ အကြောင်းပြန်ကြားခြင်း မရှိ သေးခြင်းကြောင့် ကရင်နီပြည် လူငယ်များအင်အားစုအဖွဲ့မှ ယခုလို စာပေးပို့တောင်းဆိုလိုက်ခြင်းလည်း ဖြစ်သည်။

“သက်မဲ့ရုပ်တုထားရှိရေးအတွက် ကျွန်ုပ်တို့ သက်ရှိ ကရင်နီလူမျိုးတို့၏ သမိုင်းအား စတေးခံမည် မဟုတ်” ဟု ကရင်နီပြည် လူငယ်များ အင်အားစုအဖွဲ့မှ အစိုးရအဖွဲ့အား ပေးပို့သည့် စာထဲတွင် ရေးသားထားသည်။

ယခုကိစ္စရပ်များကို စတင်အကောင်အထည်ဖော်ခဲ့သည့် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့မှ တာဝန်ယူဖြေရှင်းပေးရမည်ဟုလည်း ကရင်နီလူငယ်များက ဆိုသည်။

“ကြေးရုပ်တုဖြုတ်သိမ်းရေး နှင့် ရွေ့ပြောင်းရေးမူအတိုင်း အခိုင်အမာ ဆက်လက် ရပ်တည်သွားမည်” ဟု ကရင်နီပြည် လူငယ်များ အင်အားစုအဖွဲ့ မှ ရေးသားထုတ်ပြန်ထားသည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကိစ္စနှင့် ပတ်သက်ပြီး ကရင်နီပြည် လူငယ်များမှ ကျေနပ်မှုမရှိခြင်းကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့(ပြည်ထောင်စုနေ့)တွင် ဆန္ဒဖော်ထုတ်ခဲ့ပြီးနောက် ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းကာ သဘောတူညီချက်အချို့ရရှိခဲ့သည်။

ယင်းသဘောတူညီချက်ထဲတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုနှင့် ပတ်သက်ပြီး အချိန်တစ်လအတွင်း ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီနှင့် ကန့်ကွက်သူ ကော်မတီတို့အကြား သီးခြားစီ ညှိနှိုင်းဆွေးနွေးရန် ၊ ထိုသို့ ဆွေးနွေးနေစဉ်အတွင်း ဗိုလ်ချုပ် ရုပ်တုအား ကန့်ကွက် ထောက်ခံပွဲ မပြုလုပ်ရန် ၊ ညှိနှိုင်းရရှိလာသည့် အချက်များအား အစိုးရမှ တစ်လအတွင်း အကောင်အထည်ဖော်ပေးရန် ၊ အစိုးရဘက်မှ ပျက်ကွက်ပါက ဗိုလ်ချုပ်ကြေးရုပ်တုကို သက်ဆိုင်ရာရုံးကို ပြန်လည်ရွှေ့ပြောင်းပေးရန် စသည့် အချက်များ ပါဝင်သည်။

သို့သော်လည်း ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ကရင်နီပြည် ပြည်သူများ ကိုယ်စားပြုညှိနှိုင်းရေးကော်မတီ နှင့် ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီတို့အကြား ညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့ပြီး ဆွေးနွေးပွဲ ပျက်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ကယားပြည်နယ်အစိုးရက တည်ဆောက်လာခဲ့ခြင်းဖြစ်ပြီး ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီ အနေဖြင့်  အုတ်ခုံပေါ်သို့ ကြေးရုပ်သယ်ဆောင်ခြင်း နှင့် ဖွင့်ပွဲကျင်းပခြင်းသာ တာဝန်ယူခဲ့ရခြင်း ဖြစ်ကြောင်း ညှိနှိုင်းမှုအစည်းအဝေးတွင် ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီဘက်မှ ပြောဆို ခဲ့သည်ဟု ကရင်နီပြည်လူငယ်များဘက်က ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိစ္စနှင့် ပတ်သက်ပြီး ကရင်နီပြည် ပြည်သူများ ကိုယ်စားပြုညှိနှိုင်းရေးကော်မတီ နှင့် အစိုးရအကြား သဘောတူညီထားခဲ့သည့် ညှိနှိုင်းဆွေးနွေးမှုများသည် အဆုံးသတ်သွားပြီဖြစ်သောကြောင့် ကြေးရုပ်တု ဖယ်ရှားရေးကိစ္စရပ်မှာ ကယားပြည်နယ်အစိုးရအဖွဲ့၏ တာဝန်သာဖြစ်သည်ဟု ကရင်နီပြည် ပြည်သူများ ကိုယ်စားပြုညှိနှိုင်းရေးကော်မတီ က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန် ထားသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required