မြစ်ကြီးနားဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်တို့ကို သခင်စစ်ကုမ္ပဏီက အမှုဖွင့်

မြစ်ကြီးနားဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်တို့ကို သခင်စစ်ကုမ္ပဏီက အမှုဖွင့်

မတ် ၁၂၊ ရန်ကုန် ။              ။ မြစ်ကြီးနားဂျာနယ်၏ အမှုဆောင်အရာရှိချုပ် နှစ်ဦးနှင့် သတင်းထောက် မမွန်းမွန်းပန်တို့ကို  သခင်စစ် ကုမ္ပဏီမှ အသရေဖျက်မှုပုဒ်မ ၅ဝဝနှင့်အမှု ဖွင့်ခဲ့ပြီး ဝိုင်းမော်မြို့နယ်တရားရုံးကမတ်လ၁၂ရက်နေ့ နေ့လယ်တွင် ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။

“အသရေဖျက်မှုနဲ့ ဖွင့်ထားတာပေါ့နော်။ သူတို့ရဲ့ ကုမ္ပဏီကို မမှန်မကန်သတင်းဖော်ပြပြီးတော့ ရေးသားပြီး တော့ သူတို့ရဲ့ သိက္ခာကို ကျဆင်းအောင်လုပ်တယ်ပေါ့။ အသရေဖျက်တယ်ဆိုပြီး အဲ့တာနဲ့ စွဲတာပါ” ဟု သတင်းထောက် မမွန်းမွန်းပန်က ပြောသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ထုတ် မြစ်ကြီးနားဂျာနယ်တွင် “မန်ဒေါင်ကျေးရွာအုပ်စုတွင် တစ်သျှူးငှက်ပျော စိုက်ပျိုးမည့် ကုမ္ပဏီနှစ်ခု ဝင်ရောက်လုပ်ကိုင်နေ” ဆိုသည့် သတင်းကို ရေးသားထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ရေးသားခဲ့သည့်သတင်းမှားယွင်းနေသည်ဟု ကုမ္ပဏီဘက်က ပြောဆိုခဲ့ကာ မြစ်ကြီးနားဂျာနယ် ၏ အမှုဆောင် အရာရှိချုပ်(၁)ဦးဘရန်မိုင်၊ အမှုဆောင်အရာရှိချုပ်(၂) ဦးဇော်ခွန်း၊ သတင်းထောက် မမွန်းမွန်းပန် တို့ကို ဖေဖော်ဝါရီလ ၂၈ရက်နေ့တွင် အသရေဖျက်မှုနှင့်အမှုဖွင့်ခဲ့ပြီး ဝိုင်းမော် တရားရုံးက  မတ်လ ၁၈ရက်နေ့တွင် ရုံးချိန်းလာရောက်ရန် ဆင့်ခေါ်ထားကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့တော့ ဒါက အများအတွက်လည်း အကျိုးရှိတယ်။ မှန်လည်း မှန်တယ်။ နောက်ပြီး ကျွန်တော်တို့က သဘောရိုးနဲ့ ရေးတဲ့အနေအထားဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ မီဒီယာကျင့်ဝတ်နဲ့ အညီလုပ်သွားတာ ဖြစ်တယ်” ဟု မြစ်ကြီးနားသတင်းဂျာနယ်၏ အမှုဆောင်အရာရှိချုပ်(၂) ဦးဇော်ခွန်းက ပြောသည်။

မြစ်ကြီးနားအပတ်စဉ်ထုတ်ဂျာနယ်တွင် ဖော်ပြခဲ့သည့် တစ်သျှူး ငှက်ပျောစိုက်ပျိုးမှုသတင်း မှားယွင်းသည် ဟုဆိုကာ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် သခင်စစ်သတ္တုကုမ္ပဏီမှ ရုံးခန်းသို့ ခေါ်ဆောင်ကာ အမျိုးသမီး သတင်းထောက်အား ပါးရိုက်ခြင်း၊ အမျိုးသားသတင်းထောက်အား ထိုင်ထ လုပ်ခိုင်းခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မမွန်းမွန်းပန်က ကုမ္ပဏီကို တရားစွဲရန် အသံဖိုင်များ၊ ဓာတ်ပုံများစသော သက်သေများကို မတ်လ၁ရက်နေ့က ဝိုင်းမော်ရဲစခန်းတွင် အပ်ထားကြောင်း သိရသည်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly