ကုန်စည်ဖလှယ်စနစ်ဖြင့် ဆန်နှင့်ဆန်ကွဲများကို ကူမင်းသို့ တင်ပို့နိုင်ရန် စီစဉ်နေ

ကုန်စည်ဖလှယ်စနစ်ဖြင့် ဆန်နှင့်ဆန်ကွဲများကို ကူမင်းသို့ တင်ပို့နိုင်ရန် စီစဉ်နေ

နေပြည်တော်၊ မတ်လ ၁၂ရက် ။              ။ တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ကုန်စည်ဖလှယ်စနစ်ဖြင့် ဆန်နှင့်ဆန်ကွဲတင်ပို့နိုင်ရေးအတွက် MOU လက်မှတ် ရေးထိုးသွားမည် ဖြစ်ကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ရန်ကုန်-ကူမင်း နှစ်နိုင်ငံ (Sister City ညီအစ်မမြို့တော်) အဖြစ် သတ်မှတ်ထားမှုအရ တင်ပို့သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံဘက်မှ တင်ပို့မည့်ကုန်စည်နှင့်ပမာဏကိုမူ လတ်တလော မသိရသေးပေ။

“အဲ့လို သတ်မှတ်ထားတဲ့အခါမှာဆိုလို့ရှိရင် ကျွန်တော်တို့က ဒီလူမှုရေး ၊ ယဉ်ကျေးမှု စသဖြင့်ပေါ့လေ။ ကုန်သွယ်မှုတွေကို လုပ်နိုင်တယ်။ လုပ်နိုင်တဲ့အခါကြတော့ အဲ့အောက်မှာလည်း ကျွန်တော်တို့က ကုန်ချင်း ဖလှယ်တဲ့စနစ်နဲ့ သူတို့ဆီကနေ တစ်သန်းဖိုးသွင်းမယ်ဆိုရင် ကျွန်တော်တို့လည်း တစ်သန်းဖိုး ပြန်ပို့မယ်ပေါ့ နော်။ အဲ့လိုနဲ့ ကျွန်တော်တို့ ဒီဆန်နဲ့ ဆန်ကွဲတွေကို တင်ပို့ဖို့ ဆိုပြီးတော့ MOU ပေါ့နော် ရေးထိုးပြီးတော့ ဆောင်ရွက်သွားဖို့ ရှိပါတယ်”ဟု ၄င်းက ပြောကြားသည်။

MoU နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးနိုင်ရေးသည် နောက်ဆုံးအဆင့်တွင် ရောက်ရှိနေပြီး မတ်လအတွင်း (သို့မဟုတ်) ဧပြီလအတွင်း ရေးထိုးပြီးပါက တရုတ်နိုင်ငံသို့ တင်ပို့နိုင်မည်ဟု သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုမှာ ကုန်ချင်းဖလှယ်နည်းအပါအဝင် နယ်စပ်ဒေသ ကုန်သွယ်မှု(Border Trade) ၊ အကန့်အသတ်ဖြင့် တင်ပို့သည့်ပမာဏ(Quota စနစ်)စသည့် နည်းလမ်း ၃ ခု ဖြင့် မြန်မာနိုင်ငံမှ တင်ပို့လျက် ရှိသည်။

တရုတ်နိုင်ငံဘက်မှ စက်မှုလုပ်ငန်းသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်များ၊ အသင့်စား ကြက်သား၊ ဝက်သား များ အပါအဝင် အများအပြား တင်ပို့နေသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (ဇန်နဝါရီလထိ) စာရင်းများအရ တရုတ်နိုင်ငံနှင့် ပို့ကုန်တန်ဖိုး ( ကန်ဒေါ်လာ ၁၆၀၇.၆၄၁ သန်း)၊  သွင်းကုန်တန်ဖိုး (ကန်ဒေါ်လာ ၂၁၃၄.၉၆၅ သန်း) ရှိပြီး စုစုပေါင်း ပမာဏ ကန်ဒေါ်လာ ၃၇၄၂.၆၀၆ သန်းဖိုး ရှိသည်။

အခြား တင်ပို့နည်း ဖြစ်သည့် Quota (အကန့်အသတ်ဖြင့်တင်ပို့သည့်ပမာဏ) စနစ်နှင့်ပတ်သက်ပြီး “လောလောဆယ် ခွင့်ပြုထားတာတော့ တန်ချိန်တစ်သိန်းကို တရားဝင်ခွင့်ပြုထားပါတယ်။ အဲ့လို ခွင့်ပြုတယ် ဆိုရင် အဲ့ဒီပမာဏအထိကို သက်သာတဲ့အခွန်နှုန်းထားပေ့ါနော်။ အခုဆိုရင် ၅ ရာခိုင်နှုန်းလောက် ရှိမယ် ထင်တယ်။ အဲ့ဒီဟာနဲ့ ဒီထက်များပြီးတော့ ပို့ချင်လည်း ပို့လို့ရပါတယ်။ ဒါပေမယ့် ပိုပြီးတော့ ကြီးမားတဲ့ အခွန် နှုန်းထားနဲ့ ကောက်ခံသွားမှာ ဖြစ်ပါတယ်”ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် Quota စနစ်ဖြင့် ပမာဏများများ တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံရှိ ဆန်စက်များသည် World Trade Organization (WTO- ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့) အရ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီရန် လိုအပ်သည်။

မြန်မာနိုင်ငံသည် EU နိုင်ငံများ၊ အာဖရိကနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၆၁ နိုင်ငံအထိ စျေးကွက်သစ်များ ရရှိခဲ့သည့်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် ၃.၅၈ သန်းကျော်ကို တင်ပို့နိုင်ခဲ့ကာ ကမ္ဘာ့ဆန် အများဆုံးတင်ပို့နိုင်သည့် ၅ နိုင်ငံစာရင်းတွင် ပါဝင်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly