သမ္မတလက်အောက်တွင် မူးယစ်ဗဟိုအဖွဲ့ကို သီးခြားဖွဲ့စည်းသင့်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြ

သမ္မတလက်အောက်တွင် မူးယစ်ဗဟိုအဖွဲ့ကို သီးခြားဖွဲ့စည်းသင့်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြ
ဓာတ်ပုံ - AFP

ရန်ကုန်၊ မတ်လ ၁၂ ။             ။ မူးယစ်ဆေးဝါးပြဿနာကို ကဏ္ဍစုံမှ ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်ရန် မူးယစ်ဗဟိုအဖွဲ့ကို သမ္မတ၏ တိုက်ရိုက်စီမံခန့်ခွဲမှုအောက်တွင် ရှိသည့်အဖွဲ့အဖြစ် သီးခြားဖွဲ့စည်းသင့်ကြောင်း “မညီမျှသောဟန်ချက်များ” အစီရင်ခံစာတွင် တိုက်တွန်းထားသည်။

မြစ်ကြီးနား၊ မန္တလေး၊ လားရှိုးမြို့များသို့ သွားရောက်ပြီး ၃ လကြာ သွားရောက်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူများ၊ ဥပဒေအထောက်အကူပြုအဖွဲ့များ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီးနောက် တွေ့ရှိရသည့် အချက်များကို ယင်းအစီရင်ခံစာတွင် ဖော်ပြထားခြင်း ဖြစ်သည်။

“သမ္မတ သို့မဟုတ် ဒုသမ္မတအောက်မှာ တိုက်ရိုက်ပေါ့။ ဖွဲ့စည်းလိုက်တဲ့သီးခြားအဖွဲ့ဖြစ်လာမယ်ဆိုရင်ဖြင့် ဒီလုပ်ငန်းတွေကို သေသေချာချာ ဦးတည်ပြီးလုပ်လို့ရတာပေါ့။ အခုကကျတော့ ဘယ်လိုပြောမလဲဆိုတော့ နည်းနည်းစီပဲ သူ့ဘာသာခွဲပြီးလုပ်နေကြပြီးတော့ အခြေအနေအရ ကြည့်လုပ်နေတာဖြစ်တယ်။ တစ်ဖက် ကလည်း ပြဿနာကြီးကလည်း ကြီးတယ်။ လုပ်နေရတာတွေက အဲ့ဒီလိုပေါ့နော်။ Organize (ပေါင်းစည်းမှု) သိပ်မဖြစ်ဘူးပေါ့နော်။ အဲ့ဒီသဘော” ဟု ယင်းအစီရင်ခံစာအား ပြုစုရေးသားခဲ့သည့် Sao Mon လူမူဖွံ့ဖြိုးရေး အသင်း စီမံကိန်းညှိနှိုင်းရေးမှူး ဒေါက်တာထွေးကြူက မဇ္စျိမသို့ ပြောသည်။

လက်ရှိတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ မူးယစ်ဆေးဝါးနှိမ်နင်းရေးကို အဓိကတာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။

အများပြည်သူလုံခြုံရေး ကို အဓိကတာဝန်ယူထားသော ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် အခြားတာဝန်များပါ ထမ်းဆောင်နေသကဲ့သို့ ဖြစ်နေကြောင်း “မညီမျှသောဟန်ချက်များ”အစီရင်ခံစာတွင် ပါရှိသည်။

“ပြည်ထဲရေးကြတော့လည်း တားဆီးနှိမ်နှင်းရေးကိုပဲ လုပ်တာပေါ့။ တားဆီးနှိမ်နှင်းရေးက ပါပေမယ့် လုပ်ငန်း သဘာဝမှာ ကျွန်တော်ရေးထားတဲ့ Balance (ညီမျှခြင်း) ဆိုတဲ့ သဘောပေါ့။ ကျန်းမာရေး၊ ပြန်လည်ထူထောင်ရေးတို့က ရှိတယ်။ ကျန်းမာရေးတို့ လူမှုရေးတို့အပိုင်းမှာ ချည်းကပ်မှုက တစ်မျိုး။ ဒါပေမယ့် အခုကြတော့ တားဆီးနှိမ်နှင်းရေးအပိုင်းကိုပဲ အားဖြည့်ပြီးတော့ လုပ်နေတဲ့ သဘောဖြစ်သွားတာပေါ့။ အဲ့ဒါက သီးခြားဖွဲ့စည်း လိုက်ရင် အကောင်အထည်ဖော်မှုပိုင်းမှာလည်း တားဆီးနှိမ်နှင်းရေးအတွက် ပိုကောင်းသွားသလို၊ အခုနက ကျွန်တော်ပြောတဲ့ ခေါင်းစဉ်တွေဘက်နေ တွင်တွင်ကျယ်ကျယ် လုပ်နိုင်မယ်။ တကယ့်တကယ်ကို ပိုပြီး တော့လည်း သတ်သတ်မှတ်မှတ်၊ တိတိကျကျလုပ်နိုင်မယ်”ဟု ဒေါက်တာထွေးကြူက ပြောသည်။

မူးယစ်ပြဿနာလုပ်ငန်းများတွင် ဖွံ႔ဖြိုးရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများလည်း ပါဝင်နေသည်။

ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနမှ အခြားသော ဝန်ကြီးဌာနများကို လိုအပ်သလိုစီစဉ်ညွှန်ကြားရာတွင် အခက်အခဲများရှိနိုင်သဖြင့် ဝန်ကြီးဌာနအများနှင့် သက်ဆိုင်သော မူးယစ်ဗဟိုအဖွဲ့ကို သီးခြားဖွဲ့စည်းခြင်းက ပိုမိုဆီလျော်မည်ဖြစ်ကြောင်း အစီရင်ခံစာတွင် တိုက်တွန်းပါရှိသည်။

မူးယစ်ဆေးဝါးမူဝါဒအရ တိုင်းရင်းသားလက်နက်ကိုင်များအပါအဝင် အဖွဲ့အစည်းပေါင်းစုံဖြင့် ဆက်ဆံရန်လိုအပ် သည့်အတွက် ၎င်းတို့နှင့် ညှိနှိုင်းလုပ်ဆောင်ရာတွင် ငြိမ်းချမ်းရေးကိစ္စများလည်း ပတ်သက်လာနိုင်ပေရာ သမ္မတ စီမံခန့်ခွဲမှုဖြင့် ဖော်ဆောင်သည့် မူးယစ်ဗဟိုအဖွဲ့က တာဝန်ယူခြင်းသည် ပိုမိုဆီလျော်မည်ဖြစ်ကြောင်း အစီရင် ခံစာတွင် ပါရှိသည်။

ထိုသို့ မူးယစ်ဗဟိုအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံတွင် လည်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် သီးခြားဖွဲ့စည်းထားသော ONCB (Office of Narcotics Control Board) ဟုတွေ့နိုင်ပြီး ဌာနပေါင်း ၁ဝ ခုနှင့် ဒေသဆိုင်ရာရုံးပေါင်း ၁၁ ခုရှိသည်ကို တွေ့နိုင်သည်။

ဖိလစ်ပိုင်နိုင်ငံတွင်လည်း PDEA (Philippine Drug Enforcement Agency) ကို သမ္မတရုံး၏ အောက်တွင် ဖွဲ့စည်းထားသည်ကို တွေ့နိုင်ပြီး ဒေသဆိုင်ရာရုံးခွဲပေါင်း ၁၇ ခုထားရှိကာ PDEA ကို မူးယစ်အထူးတပ်ဖွဲ့များ၊ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းဆိုင်ရာတပ်ဖွဲ့များ စသည့်တို့ဖြင့် ပံ့ပိုးထားကြောင်း၊ အင်ဒိုနီးရှားနိုင်ငံတွင်လည်း National Anti- Narcotics Agency (BNN- Badan Narkotika Nasional) ဟု ဖွဲ့စည်းထားပြီး သမ္မတထံ တိုက်ရိုက်အစီရင်ခံရသည်ကို တွေ့ရကြောင်း “မညီမျှသောဟန်ချက်များ”အစီရင်ခံစာတွင် ပါရှိသည်။

အဆိုပါ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားသည့် စာမျက်နှာ ၈ဝ ပါ “မညီမျှသောဟန်ချက်များ” အစီရင်ခံစာအား Sao Mon လူမူဖွံ့ဖြိုးရေးအသင်းမှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင်  နိုင်ငံတော်သမ္မတရုံးမှ တိုက်ရိုက်ကိုင်တွယ်နေသော “ မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေး ဌာန” ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၆ ရက်က ဖွင့်လှစ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly