တနင်္သာရီတိုင်းဝန်ကြီးချုပ်နေရာကို သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးကို ခေတ္တတာဝန်ပေး

တနင်္သာရီတိုင်းဝန်ကြီးချုပ်နေရာကို သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးကို ခေတ္တတာဝန်ပေး

ရန်ကုန် ၊ မတ် ၁၂ ။              ။ အဂတိလိုက်စားမှုဖြင့် အရေးယူခံရပြီးနောက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နေရာကို တိုင်းအစိုးရအဖွဲ့ဝင် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်ကို ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်ပေးကြောင်း သမ္မတရုံးမှ ညွှန်ကြားခဲ့သည်။

ညွှန်ကြားစာကို မတ်လ ၁၁ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ခဲ့ခြင်းဖြစ်ပြီး “လစ်လပ်နေတဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နိုင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်အား ခေတ္တဝန်ကြီးချုပ်တာဝန်ကို ပူးတွဲပေးအပ်ကြောင်း သိရှိနိုင်ပါရန် ပေးပို့ပါသည်” ဟု ညွှန်ကြားချက်တွင် ပါရှိသည်။

ဝန်ကြီးချုပ်အဖြစ် ခေတ္တတာဝန်ပေးအပ်ခံခဲ့ရသည့် ဦးမြင့်မောင်သည် တနင်္သာရီတိုင်း NLD ပါတီ အတွင်းရေးမှူး ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ကော့သောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံထားရသူလည်း ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှုဖြင့် ထိန်းသိမ်းခဲ့ပြီးနောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ဝန်ကြီးချုပ်အဖြစ် ယာယီတာဝန်ယူခဲ့ပြီး နောက်တစ်ရက်အကြာတွင် သမ္မတရုံးမှ ဦးမြင့်မောင်အား ခန့်အပ်ကြောင်း ညွှန်ကြားချက်ထုတ်ခဲ့ခြင်းဖြစ်သည်။

တိုင်းအစိုးရအဖွဲ့ဝင် စီမံ/ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းက“လက်ရှိ ဝန်ကြီးချုပ်ယာယီအဖြစ် ဦးမြင့်မောင်ကို ခန့်အပ်ထားပါတယ်၊ သူကတော့ လက်ရှိ ကော့သောင်းမှာပဲ ရှိပါသေးတယ်၊ ဒီနေ့ ညနေပိုင်းမှ ထာားဝယ်ကို လေကြောင်းနဲ့ ရောက်လာမှာ ဖြစ်တယ်”ဟု ပြောသည်။

အဂတိလိုက်စားမှုဖြင့် အမှုဖွင့်အရေးယူခံထားရသည့် ဒေါက်တာလဲ့လဲ့မော်ကို ကော့သောင်းမြို့နယ် တရားရုံးမှာ မတ်လ ၁၁ ရက်နေ့က ချုပ်ရက်ရမန်ယူခဲ့ပြီး ထားဝယ်အကျဉ်းထောင်သို့ ပို့ဆောင်ထားကာ နောက်တကြိမ် ရုံးချိန်းကို မတ်လ ၂၅ နေ့ရက်ကို ချိန်းဆိုထားသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required