တနင်္သာရီဝန်ကြီးချုပ်ကိစ္စ ဘာမှပြောလို့ မရသေးကြောင်း ဒေါက်တာဇော်မြင့်မောင် ပြော

တနင်္သာရီဝန်ကြီးချုပ်ကိစ္စ ဘာမှပြောလို့ မရသေးကြောင်း ဒေါက်တာဇော်မြင့်မောင် ပြော

မန္တလေး၊ မတ်လ ၁၂ ။             ။ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ဖြင့် ဖမ်းဆီးအရေးယူခံရခြင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင်က  လက်ရှိတွင် ပါတီအနေဖြင့် ဘာမှ ပြောလို့မရနိုင်သေးကြောင်း မဇ္ဈိမကို ပြောသည်။

"အခု ဖြစ်နေတဲ့ ပြဿနာတွေက ရှေ့သွားရမယ့်နိုင်ငံရေးခရီးကို ထိခိုက်နိုင်တဲ့သူတွေ ပါလာလို့ အဲဒါကြောင့် မပြောနိုင်သေးတာ နားလည်ပေးပါ"ဟု ပြောသည်။

လတ်တလောတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ သတင်းထုတ်ပြန်ထားမှုများကိုသာ ကိုးကား ၍ သတင်းရေးနိုင်ပြီး မိမိတို့အနေနှင့်တရားဝင်ထုတ်ပြန်ပြီးမှသာ ဖြစ်စဉ်ဘာလဲဆိုတာ ထုတ်ဖော်ပြောဆို သွားမည်ဟု ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

"ဘာမှပြောလို့ မရသေးတာ နားလည်ပေးပါ။"ဟု ဒေါက်တာဇော်မြင့်မောင်က မတ်လ ၁၂ ရက်တွင် ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အပါအဝင် Global Grand Services (GGS) ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူခဲ့ခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များအရ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ အရ လည်းကောင်း၊ သီးခြားပြစ်မှုများအတွက် သီးခြားစွဲချက်များဖြင့် အမှု(၄)မှုခွဲ၍ အရေးယူ ဆောင်ရွက်ရန် သတင်းထုတ်ပြန်ထားသည်။

ဒေါ်လဲ့လဲ့မော်အား ယမန်နေ့ မတ် ၁၁ ရက်နေ့ ၊ မွန်းလွဲပိုင်း ၁ နာရီခွဲအချိန်တွင် ကော့သောင်းမြို့နယ်တွင် ရမန်ယူကာ  ထားဝယ်သို့ ပို့ဆောင်ထားသည်။

ဒေါက်တာလဲ့လဲ့မော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် အရံ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည်။

    

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required