လွိုင်ကော် ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စ တစ်လပြည့်သော်လည်း အစိုးရမှ အကြောင်းမပြန်သေး

လွိုင်ကော် ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စ တစ်လပြည့်သော်လည်း အစိုးရမှ အကြောင်းမပြန်သေး
ဓာတ်ပုံ- ကယားပြည်နယ် အစိုးရအဖွဲ့

ရန်ကုန် ၊ မတ် ၁၂ ။             ။ ဒေသခံပြည်သူများ၏ ဆန္ဒမပါဝင်ဘဲ လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံ၌ စိုက်ထူထားသော ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကိစ္စနှင့် ပတ်သက်ပြီး ညှိနှိုင်းရန်သဘောတူညီထားသည့် အချိန်တစ်လ ပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း အစိုးရဘက်မှ တစ်စုံတရာ အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း ကရင်နီပြည် ပြည်သူများ ကိုယ်စားပြု ညှိနှိုင်းရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ခွန်တောမက်က မဇ္စျိမသို့ ပြောသည်။

“ကြေးရုပ်ဖျက်သိမ်းရေး ၊ ကြေးရုပ် ရွေ့ပြောင်းရေးကိစ္စကိုပဲ တောက်လျှောက်သွားနေတယ်။ ဒါဟာ မူလ တောင်းဆိုချက် ဖြစ်တယ်။ အချိန်တစ်လပြည့်သွားပြီဆိုတဲ့ အကြောင်းကို ဝန်ကြီးချုပ်ဆီ ဒီနေ့ စာပေးပို့သွားဖို့ ရှိနေတယ်” ဟု ခွန်တောမတ် က ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရ ၊နိုင်ငံတော်သမ္မတရုံးတို့ထံ စာပေး ပို့ထားသော်လည်း အကြောင်းပြန်ကြားခြင်းမရှိကြောင်း ၊ ရှေ့ဆက်လုပ်ဆောင်သွားမည့် အချက်များကို မကြာမီ အချိန်ကာအတွင်း၌ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိ ခွန်တောမတ်က မဇ္စျိမသို့ ဆက်လက် ပြောဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကိစ္စနှင့် ပတ်သက်ပြီး ကရင်နီပြည် လူငယ်များမှ ကျေနပ်မှုမရှိခြင်းကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့(ပြည်ထောင်စုနေ့)တွင် ဆန္ဒဖော်ထုတ်ခဲ့ပြီးနောက် ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး သဘောတူညီချက်အချို့ရရှိခဲ့သည်။

ယင်းသဘောတူညီချက်ထဲတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုနှင့် ပတ်သက်ပြီး အချိန်တစ်လအတွင်း ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီနှင့် ကန့်ကွက်သူ ကော်မတီတို့ အကြား သီးခြားစီ ညှိနှိုင်းဆွေးနွေးရန် ၊ ထိုသို့ ဆွေးနွေးနေစဉ်အတွင်း ဗိုလ်ချုပ် ရုပ်တုအား ကန့်ကွက် ထောက်ခံပွဲ မပြုလုပ်ရန် ၊ ညှိနှိုင်းရရှိလာသည့် အချက်များအား အစိုးရမှ တစ်လအတွင်း အကောင်အထည်ဖော်ပေးရန် ၊ အစိုးရဘက်မှ ပျက်ကွက်ပါက ဗိုလ်ချုပ်ကြေးရုပ်တုကို သက်ဆိုင်ရာရုံးကို ပြန်လည်ရွှေ့ပြောင်းပေးရန် စသည့် အချက်များ ပါဝင်သည်။

သို့သော်လည်း ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ကရင်နီပြည် ပြည်သူများ ကိုယ်စားပြုညှိနှိုင်းရေးကော်မတီ နှင့် ဗိုလ်ချုပ်ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီတို့အကြား ညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့ပြီး ဆွေးနွေးပွဲ ပျက်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ကယားပြည်နယ်အစိုးရက တည်ဆောက်လာခဲ့ခြင်းဖြစ်ပြီး ကြေးရုပ် ဖြစ်မြောက်ရေး ကေ်ာမတီ အနေဖြင့်  အုတ်ခုံပေါ်သို့ ကြေးရုပ်သယ်ဆောင်ခြင်း နှင့် ဖွင့်ပွဲကျင်းပခြင်းသာ တာဝန်ယူခဲ့ရခြင်းဖြစ်ကြောင်း ညှိနှိုင်းမှုအစည်းအဝေးတွင် ကြေးရုပ် ဖြစ်မြောက်ရေး ကေ်ာမတီဘက်မှ ပြောဆိုခဲ့သည်ဟု ကရင်နီပြည်လူငယ်များဘက်က ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကိစ္စနှင့် ပတ်သက်ပြီး ကရင်နီပြည် ပြည်သူများ ကိုယ်စားပြုညှိနှိုင်းရေးကော်မတီ နှင့် အစိုးရအကြား သဘောတူညီထားခဲ့သည့် ညှိနှိုင်းဆွေးနွေးမှုများသည် အဆုံးသတ်သွားပြီဖြစ်သောကြောင့် ကြေးရုပ်တု ဖယ်ရှားရေးကိစ္စရပ်မှာ ကယားပြည်နယ်အစိုးရအဖွဲ့၏ တာဝန်သာဖြစ်သည်ဟု ကရင်နီပြည် ပြည်သူများ ကိုယ်စားပြုညှိနှိုင်းရေးကော်မတီ က ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly