ပဲခူးရိုးမ၌ တစ်ပတ်အတွင်း သစ်တန်ချိန် ၂ဝဝ ကျော်ဖမ်းမိ

ပဲခူးရိုးမ၌ တစ်ပတ်အတွင်း သစ်တန်ချိန် ၂ဝဝ ကျော်ဖမ်းမိ
ဓာတ်ပုံ- သစ်တောဦးစီးဌာန

ရန်ကုန်၊ မတ်လ ၁၁ ။         ။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေးဧရိယာရှိ တစ်ပတ်အတွင်း တရားမဝင် ထုတ်ယူထားသည့် ကျွန်း၊ သစ်မာနှင့် အခြားစုစုပေါင်း သစ်တန်ချိန်ပေါင်း ၂၂၆ တန်အထိ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် သစ်တန်ချိန်မှာ မတ်လ ၄ ရက်နေ့မှ မတ်လ ၁ဝ ရက်နေ့အထိ တစ်ပတ်တာကာလ အတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်း နှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည် ဖော်လုပ် ဆောင်နေရာမှ ထိုသို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်းသစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁ဝ)နှစ်ရပ်နားထားပြီးနောက် သစ်တောပြုစုထိန်းသိမ်းခြင်း လုပ်ငန်း များအား ပြန်လည်လုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။

ထို့အပြင် ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေးဧရိယာအတွင်း ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခမရ(၃ဝရ)မှ တပ်မတော်သားများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့တို့မှ နယ်မြေရှင်းလင်းဆောင်ရွက်လျှက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ထိုသို့ နယ်မြေရှင်းလင်းနေစဉ် မတ်လ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ကျောက်တံခါးမြို့နယ်၊ အိုင်တုံကွန်း ကြိုးဝိုင်းအတွင်းမှ တရားမဝင်သစ်ခိုးဆိုင်ကယ် ၂ဝ စီး၊ ချိန်းဆော ၂ လက်နှင့် တရားမဝင် ခုတ်ယူထားသည့် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် ညွှန်ကြားထားသည့်အတိုင်း ပဲခူးရိုးမစိမ်းလန်း စိုပြည်ရေးဧရိယာအတွင်းတွင်လည်း တရားမဝင်သစ်ခိုးထုတ်သယ်ဆောင်နိုင်သည့် လမ်းကြောင်းများအား ဆက်လက်အသုံးပြု၍ မရနိုင်စေရန် ဖျက်ဆီးခြင်းများဆောင်ရွက်လျှက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly