သက်ကြီးသဘင်အနုပညာရှင် ပူဇော်ကန်တော့ပွဲကို မန္တလေးတွင် ပြုလုပ်မည်

သက်ကြီးသဘင်အနုပညာရှင် ပူဇော်ကန်တော့ပွဲကို မန္တလေးတွင် ပြုလုပ်မည်
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ မတ်လ ၁၁ ။           ။ မြန်မာနိုင်ငံအတွင်းရှိ သက်ကြီးသဘင် အနုပညာရှင် ၇၃၇ ဦး ပူဇော်ကန်တော့ပွဲကို လာမည့် မတ်လ ၁၄ ရက်တွင် မန္တလေးအမျိုးသားကဇာတ်၌ ပြုလုပ်သွားမည်ဟု မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး (ဗဟို)မှ အထွေထွေအတွင်းရေးမှူး ဦးနေဝင်းက ပြောသည်။

သက်ကြီးသဘင်အနုပညာရှင်ပူဇော်ကန်တော့ပွဲကို မြန်မာနိုင်ငံသဘင်ပညာရှင်များအစည်းအရုံးမှ  ဦးဆောင် ပြုလုပ်ခြင်းဖြစ်ပြီး ယခု ဒုတိယအကြိမ် ဖြစ်သည်။

မြန်မာနိုင်ငံ၊ သဘင်ပညာရှင်များအစည်းအရုံးအနေဖြင့် သာရေး ၊ နာရေး၊ လူမှုရေး အစရှိသည့် အခြေခံ လိုအပ်ချက်များကို စောင့်ရှောက်ရမည်ဟု အစည်းအရုံး၏ ဖွဲ့စည်းပုံမှာ ပါရှိခြင်းကြောင့် သက်ကြီးသဘင် အနုပညာရှင်များကို ပူဇော်ကန်တော့ခြင်းဖြစ်သည်ဟု ဦးနေဝင်းက ဆိုသည်။

"သက်ကြီး အနုပညာရှင်ဘိုးဘွားတွေထဲက အသက် ၇၅ နှစ်အထက်တွေကို ပူဇော်ကန်တော့တာပါ။ အသက်အရွယ်ကြီးရင့်လာတဲ့ အဘိုးအဘွားတွေရဲ့ ဘဝနေဝင်ချိန်မှာ စောင့်ရှောက်မှုရှိတဲ့ အဘိုးအဘွားတွေ ရှိသလို အချို့လည်း စောင့်ရှောက်မှုအားနည်းတဲ့ အဘိုးအဘွားတွေ ရှိတယ်။ သူတို့ရဲ့ မိသားစုဘဝ ၊ အသီးသီး ရပ်တည်မှုတွေနဲ့ နေကြတာပေါ့။ အသက် ၇၅ နှစ်အထက်ဆိုတော့ အလုပ်အတူလုပ်တဲ့ သက်တူရွယ်တူ အဘိုး၊ အဘွားတွေ ပြန်ဆုံကြတယ်။ တစ်ချိန်တုန်းက အလုပ်တွေ တူတူလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ အနုပညာ လောကမှာ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ဘူးတဲ့ သူ မရှိသလောက်ပဲ။ အနုပညာသမားဆိုတာ တစ်ရာသီ တစ်ခါ အပြောင်းအလဲရှိတယ်။ အမြဲတမ်း၊ ဒီဇာတ်၊ ဒီဆိုင်းနဲ့ တစ်သက်လုံး လုပ်တာမဟုတ်ဘူးလေ။ အနုပညာ မိတ်ဆွေလည်း များတယ်။ ခုလို သက်ကြီးပူဇော်ပွဲ ရောက်တဲ့အခါ သူတို့ ဆုံစည်းကြရတယ်။ အဲဒီအခါ တစ်ဦး နဲ့တစ်ဦး ၊ သူငယ်ချင်း၊ အပေါင်းအသင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြတယ်။ ဆရာ၊ တပည့်တွေ ဆုံရတယ်။ ဝမ်းသာစရာကောင်းတဲ့ပီတိတွေ ရကြတယ်။ သက်ကြီးပညာရှင်တွေနဲ့ ထိစပ်နေတော့ ပညာပေးနိုင်သေးတဲ့ အဘိုးအဘွားတွေက ပညာပေးကြပေါ့ ။ အဲဒီလို ရည်ရွယ်ပါတယ်။"ဟု ဦးနေဝင်းက ပြောသည်။

သက်ကြီးသဘင် အနုပညာရှင် ၇၃၇ ဦးကို တစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်း လှူဒါန်းသွားမည် ဖြစ်ပြီး တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ လာရောက်ကြမည့် အပူဇော်ကန်တော့သဘင်အနုပညာရှင်များကို တည်းခို နေထိုင်၊ စားသောက်ရန်လည်း စီစဉ်ပေးသွားမည်ဟု ဦးနေဝင်းက ဆိုသည်။

ပထမအကြိမ် ပူဇော်ကန်တော့ပွဲတွင် သက်ကြီးသဘင်အနုပညာရှင် ၆၈၀ ဦး ကန်တော့နိုင်ခဲ့ပြီး ယခုနှစ်တွင် ၇၃၇ ဦး ကန်တော့နိုင်ခြင်းဖြစ်သည်။

ပူဇော်ကန်တော့ပွဲတွင် ကပြဖျော်ဖြေမှုများလည်း ပါဝင်မည် ဖြစ်ပြီး ပါဝင်လှူဒါန်းလိုသူများအနေဖြင့် မြန်မာနိုင်ငံ သဘင်ပညာရှင်များအစည်းရုံး(ဗဟို)ဖုန်း ၀၉ ၄၀၂ ၇၄၅၀၇၅သို့ ဆက်သွယ်လှူဒါန်းလိုကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly