အဂတိလိုက်စားမှုအပေါ် သည်းခံ၊ ခွင့်လွှတ်ဖို့ မူဝါဒမရှိဘူးလို့ သမ္မတရုံး သတိပေး

အဂတိလိုက်စားမှုအပေါ် သည်းခံ၊ ခွင့်လွှတ်ဖို့ မူဝါဒမရှိဘူးလို့ သမ္မတရုံး သတိပေး
၂၀၁ရခုနှစ်က နေပြည်တော်တွင် ပြုလုပ်သည့် NCA နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်လာသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော် (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(မတ်လ ၁၁ရက်၊ ၂၀၁၉ခုနှစ်)။     ။ အဂတိလိုက်စားမှုအပေါ် လုံးဝ ခွင့်လွှတ်မည်မဟုတ်ဟု ပြောကြားထားသည့်အတိုင်း ထိုကိစ္စနှင့်ပတ်သက်ပြီး အစိုးရတွင် သည်းခံ၊ ခွင့်လွတ်ရန် မူဝါဒမရှိကြောင်း နိုင်ငံတော်သမ္မတရုံးက သတိပေးပြောကြားလိုက်သည်။

 “ဒါကိုတော့ ဖိဖိစီးစီး ကိုင်တွယ်သွားမယ်။ ဒါနဲ့ ပတ်သက်လို့ သည်းခံ၊ ခွင့်လွတ်တဲ့ မူဝါဒမရှိဘူးဆိုတာလည်း ပြောကြားထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ အဲ့အတိုင်းပဲ ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

မတ်လ ၁၀ ရက်က အဂတိလိုက်စားမှုဖြင့် ဖမ်းဆီး၊ ထိန်းသိမ်းခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ကိစ္စနှင့်ပတ်သက်ပြီး ယနေ့ မီဒီယာများ၏ မေးမြန်းမှုအပေါ် ဦးဇော်ဌေးက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

 “အထူးသဖြင့် ဦးအောင်ကြည် တာဝန်ယူပြီးတဲ့ နောက်ပိုင်းမှာ တော်တော်လေး ဖိဖိစီးစီး လုပ်လာတယ်။ အဲ့အပေါ်မှာလည်း အစိုးရက ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်ကိုလည်း လုပ်ပိုင်ခွင့်ကို ဥပဒေနဲ့အညီ လွတ်လွတ်လပ်လပ် ပေးထားပြီး ဖြစ်တယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

 တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်အား အဂတိလိုက်စားမှုဖြင့် တိုင်ကြားချက်များအပေါ် စုံစမ်း စစ်ဆေးရာတွင် အဂတိလိုက်စားမှုဖြင့် ငြိစွန်းကြောင်း တွေ့ရှိရသည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က မတ်လ ၁ဝရက်၊ ညပိုင်းက သတင်းထုတ်ပြန်ထားသည်။

ဝန်ကြီးချုပ်နှင့် GGS ကုမ္ပဏီမှ ထိပ်တန်းအရာရှိ သုံးဦးကိုလည်း အရတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားသည်ဟုလည်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေါ်လဲ့လဲ့မော်အား ကော့သောင်းခရီးစဉ်အတွင်း ယမန်နေ့က ထိန်းသိမ်းလိုက်ခြင်းဖြစ်ပြီး ၎င်းကို တရားစွဲဆိုမည့် တရားရုံးရှိရာ ထားဝယ်မြို့သို့ ယနေ့ခေါ်ဆောင်သွားပြီဖြစ်ကြောင်း ဦးဇော်ဌေးက အတည်ပြုသည်။

 “လက်ရှိကတော့ ထိန်းသိမ်းထားသည့် သူ့ကိုတော့ ဥပဒေနဲ့အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးက ထုတ်ပြန်ထားတဲ့အတိုင်း ထိန်းသိမ်းပြီး စစ်ဆေးတာတွေ လုပ်မှာပါ။ ဟိုဘက်မှာလည်း FDA ညွှန်ချုပ်ကို စစ်ဆေးသလိုပဲ ဒီအတိုင်းပဲ စစ်ဆေးမှာ ဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

ဒေါ်လဲ့လဲ့မော် အနေဖြင့် ၂၀၁၆ခုနှစ်၊ ဧပြီလအတွင်းက မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် တည်ဆောက်ရေး လုပ်ငန်း၊ ၂၀၁၆၊ နိုဝင်ဘာလက ထားဝယ်တက္ကသိုလ်ဝင်းအတွင်း ချုံနွယ် ရှင်းလင်းရေးလုပ်ငန်း၊ ထားဝယ်လောယာဉ်ကွင်း အပြင်ဘက် ချုံနွယ်ရှင်းလင်းခြင်း လုပ်ငန်းများတွင် အဂတိလိုက်စားမှု ညှိစွန်းကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် ကာလတန်ဖိုး ကျပ်သိန်း (၃၂၀)သာ တန်ကြေးရှိသော ၎င်း၏ မိသားစုပိုင်သည့် သရက်ချောင်းမြို့နယ်၊ မြို့မရပ်၊ မြိတ်-ထားဝယ် ကားလမ်း၊ အိမ်အမှတ်(၆)ရှိ နှစ်ထပ်နေအိမ်နှင့် ခြံဝန်းကို ကျပ်သိန်း ၂ဝဝဝဖြင့် GGS ကုမ္ပဏီသို့ ရောင်းချခဲ့ကြောင်းလည်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required