စည်ပင်သာယာရွေးကောက်ပွဲကို လူထုစိတ်ဝင်စားမှုနည်းပါးနေ

စည်ပင်သာယာရွေးကောက်ပွဲကို လူထုစိတ်ဝင်စားမှုနည်းပါးနေ

ရန်ကုန်၊ မတ် ၁၁ ။     ။ ၂၀၁၉ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ရွေးကောက်ပွဲကို မတ်လ ၃၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲပေးရန်အတွက်  လက်ရှိအချိန်ထိ လူထုစိတ်ဝင်စားမှုနည်းပါးနေဆဲ ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင် စာရင်းများကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ မတ်လ ၅ ရက်အထိ  အမည်စာရင်း ကပ ကြော်ငြာနေပြီးဖြစ်သော်လည်း အမည်စာရင်းသွားရောက် မကြည့်ရသေးသည့်သူများလည်း ရှိနေသည်။

"စည်ပင်ရွေးကောက်ပွဲဆိုတာ ဘယ်တော့လုပ်မယ် ဆိုတာတောင် မသိဘူး။ မဲစာရင်းလည်း မကြည့်ဖြစ်ဘူး။ ဘာလဲဆိုတော့ ကိုယ့်အလုပ်နဲ့ ကိုယ်တောင် မအားဘူး။ ပေးလည်း ဘာမှထူးမှာမှ မဟုတ်တာ"ဟု ပုစွန်တောင်မြို့နေ  မအေးအေးအောင်က ဆိုသည်။  
စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲတွင် ဝင်ရောက်မဲပေးခွင့်ရှိသူ လူဦးရေ ၃ ဒဿမ ၄ သန်း ကျော်ရှိကြောင်း စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

"အခုစည်ပင်ရွေးကောက်ပွဲက ဘယ်မှာတောင် မဲပေးရမယ်ဆိုတာ မသိဘူး။ မဲရုံက ဘယ်နားမှန်းမသိဘူး။ အထွေထွေ ရွေးကောက်ပွဲတုန်းက အကုန်သိတယ်။ အခုက ဘာမှမသိဘူး။ မဲဆွယ် ဆိုင်းဘုတ်တွေတော့ ကပ်ထားတာတွေ့တယ်။ နိုင်တဲ့သူတွေကိုလည်း သေချာ တာဝန်ယူစေချင်တယ်" ဟု ပုစွန်တောင်မြို့နယ် လိပ်ကန်လမ်း၌ ကုန်စုံဆိုင် ဖွင့်လှစ်ထားသူ ဒေါ်လှရီက ပြောသည်။

လက်ရှိတွင် အရပ်ဖက်အဖွဲ့စည်းများ၊ CSO အဖွဲ့များမှ ပြည်သူများအတွက် စည်ပင်ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ၊ကမ်ပိန်းများပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များ ဝေခြင်း စသည့် အသိပညာပေးဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်လျှက်ရှိသည်။

"အထွေထွေရွေးကောက်ပွဲနဲ့ ယှဉ်ရင် ဒီစည်ပင်ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနည်းတာက ဖြစ်လေ့ ဖြစ်ထရှိတဲ့ ကိစ္စပါ။ ပြီးတော့ အချိန်လည်း တအားကပ်သွားတာလည်းပါမယ်။ ဘာလို့လဲဆိုတော့ စည်ပင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ဖွဲ့တာက ဇန်နဝါရီ ၈ ရက်နေ့မှ တရားဝင်စာ ထွက်တာ။ အဲဒီတော့ ဇန်နဝါရီ ၈ ရက်ကနေ ရွေးကောက်ပွဲက မတ်လ ၃၁ ရက်နေ့ အထိ ကျွန်တော်လုပ်ရတာက အချိန်က သုံးလတာတောင် မပြည့်ဘူး။ အချိန်က ၆လ၊ ၈လလောက်မှ အချိန်ယူပြီး လူထုကို နှိုးဆော်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ အချိန်ကလည်း နည်းသွားတာကြောင့် ပါဝင်တဲ့ CSOတွေရော၊ အစိုးရအဖွဲ့တွေရော၊ ရွေးကောက်ခံ ကိုယ်စားလှယ်တွေရော နှိုးဆော်ဖို့ အားနည်းသွားတာ ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်" ဟု International Institute for Democracy and Electoral Assistance (IDEA) မှ ကိုပြည့်စုံက ပြောသည်။

စည်ပင်ရွေးကောက်ပွဲ ကိုယ်စားလှယ်များအနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ မတ်လ ၂၉ရက်နေ့အထိ မဲဆွယ် အချိန်ကာလ တစ်လ သတ်မှတ်ပေးထားပြီး လက်ရှိတွင် ကိုယ်စားလှယ်လောင်းများသည် မဲဆွယ်စည်းရုံးမှုများ လုပ်ဆောင်နေသည့် အပြင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာကိုပါ ဟောပြောပေးလျှက် ရှိနေသည်။   

"ရွေးကောက်ပွဲဆိုသည်မှာ ကျွန်တော်တို့ ဒီမိုကရေစီနိုင်ငံမှာ မဲပေးသင့်တဲ့တာဝန်ဟာ ပြည်သူလူထုအားလုံးဟာ  မဲပေးနိုင်တဲ့လူတွေက မဲပေးသင့်ပါတယ်။ စည်ပင်ရွေးကောက်ပွဲက ဘာလို့အရေးကြီးလဲ ဆိုရင် ဒီရန်ကုန်မြို့ တော်ဟာ ကျွန်တော်တို့ နိုင်ငံမှာလဲ စံပြမြို့ တော်ဖြစ်တယ်။ အရေးကြီးဆုံးလည်း ဖြစ်တယ်။ စီးပွားရေးမြို့ အကြီးဆုံး၊ လူဦးရေမှာလည်းအများဆုံး။ လူဦးရေက ရဒဿမ ၅ မီလီယံရှိတယ်။ တစ်နိုင်ငံလုံးရဲ့ ၁၃ ရာခိုင်နှုန်း နေထိုင်တာဖြစ်တယ်။ တခြားမြို့ငယ်လေးတွေကလည်း ဒီမြို့ကြီးရဲ့ ဦးဆောင်မှုကို လိုက်ပြီး အတုယူရမှာပေါ့။ အခုဖြစ်နေတာက ရန်ကုန်ရဲ့ ပြဿနာတွေကို ရှောင်ရမလိုတောင်ပြောလို့ရတယ်။ ရန်ကုန်ရဲ့ ပြသာနာကို ဖြေရှင်းနိုင်မှဘဲ ရွေးကောက်ပွဲမှာလည်း ဖြေရှင်းနိုင်တဲ့သူကို မဲပေးမှပဲ ပြသာနာတွေကို ဖြေရှင်း နိုင်မယ်လို့ ကျွန်တော်ထင်တယ်" ဟု  စည်ပင်သာယာရေးကော်မတီ မဲဆန္ဒနယ် အမှတ် ၃ မှ ဝင်ရောက် ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း  ကိုအောင်ခန့်က ဆိုသည်။  

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် လာရောက် လျှောက်ထားသည့် ကိုယ်စားလှယ်ပေါင်း (၂၇၇) ဦး ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly