တိုင်ကြားခံရပြီး အရေးယူခံရသည့်အဖွဲ့အစည်းတွင် ရဲတပ်ဖွဲ့နှင့် အကျဉ်းစီးဌာနမှ အများဆုံးဖြစ်နေ

တိုင်ကြားခံရပြီး အရေးယူခံရသည့်အဖွဲ့အစည်းတွင် ရဲတပ်ဖွဲ့နှင့် အကျဉ်းစီးဌာနမှ အများဆုံးဖြစ်နေ

နေပြည်တော်၊ မတ် ၁၁ရက် ။         ။  အမျိုးသားလွှတ်တော် ၊ ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာကော်မတီသို့ ၂ နှစ်တာကာလအတွင်း တိုင်ကြားစာ ၇၀၀၀ ကျော် ရှိပြီး အရေးယူဆောင်ရွက်ခံရသည့် အဖွဲ့အစည်းများတွင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာနမှ အများဆုံးဖြစ်သည်ဟု သိရသည်။

၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အတွင်း တိုင်ကြားခဲ့ကြခြင်း ဖြစ်ပြီး စုစုပေါင်း ၇၄၀၃ စောင် လက်ခံရရှိခဲ့ပြီး အရာထမ်း၊ အမှုထမ်း ၁၅ဝကို အရေးယူဆောင်ရွက်ထားပြီဖြစ်ကြောင်း ကော်မတီ၏ အတွင်းရေးမှူး ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးဝင်းကြိုင်က ပြောသည်။

“အများဆုံးအရေးယူခံရတဲ့ အဖွဲ့အစည်းကတော့ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နဲ့ အကျဉ်းဦးစီး ဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဖြစ်ပါတယ်။ အရာထမ်း စုစုပေါင်း အယောက် ၃၀ ဖြစ်ပါတယ်။ အမှုထမ်း စုစုပေါင်း အားလုံး ၂၅ ဦးနဲ့ အားလုံး ၅၅ ဦး အရေးယူဆောင်ရွက်ခံရပါတယ်”ဟု ဦးဝင်းကြိုင်က ပြောသည်။

အရေးယူဆောင်ရွက်ခံရသည့် အဖွဲ့အစည်းများတွင် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာနမှ အများဆုံးဖြစ်ပြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တောဝန်ကြီးဌာန၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေး ဦးစီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့မှလည်း အရေးယူခံခဲ့ရသည်။

ယနေ့ မတ် ၁၁ ရက်၊ အမျိုးသားလွှတ်တေ်ာအစည်းအဝေးတွင်း တိုင်ကြားစာဆိုင်ရာကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေအစီရင်ခံစာကို ဖတ်ကြားရာတွင် ဦးဝင်းကြိုင်က ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

အရေးယူမှုနှင့်ပတ်သက်ပြီး  “ဝန်ကြီးဌာနများမှ အရာထမ်း/အမှုထမ်း ၊ တရားဝန်ထမ်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကို အလုပ်ထုတ်ပစ်ချင်း၊ ရာထူးလျော့ပစ်ခင်း၊ နှစ်တိုးလစာ ရပ်ဆိုင်းခြင်း ၊ ရာထူးတိုး ရပ်ဆိုင်းခြင်း ၊ မှတ်တမ်းတင်စာဖြင့် သတိပေးခြင်းတို့ကို အရေးယူခဲ့သည်” ဟု  အစီရင်ခံစာတွင် ပါရှိသည်။

ထိုသို့ အရေးယူရန် ကေ်ာမတီအနေဖြင့် ပြည်ထောင်အဆင့်ဝန်ကြီးဌာနများ ၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တေ်ာ ၊ တရားလွှတ်တေ်ာများ၊ ပြည်ထောင်စုရှေ့နေချုပ် ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၊ နေပြည်တော်ကောင်စီ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု သိရသည်။

တိုင်ကြားစာများပေးပို့ခဲ့သည့် အချက်အလက်အများစုသည် ပေါ်ပေါက်ခဲ့ပြီး မှန်ကန်သည့်အချက်များကို စိစစ် သုံးသပ်နိုင်ခဲ့ကြောင်း ၄င်းက အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောသည်။

လယ်ယာမြေနှင့်ပတ်သက်သည့် အမှုတွဲများမှာ တိုင်ကြားစာများတွင် အများဆုံးဖြစ်ကာ  ပြည်ထဲရေးဌာနသည် လည်း ဒုတိယတိုင်ကြားခံရမှု အများဆုံးတွင် ပါဝင်နေသည်ဟု ဦးဝင်းကြိုင်က ဆိုသည်။

“အဓိကကတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ အဲ့ဒီကိစ္စတွေ ပါတယ်။ နောက် ပြည်ထဲရေးဌာနနဲ့ပတ်သက်တဲ့ အမှုတွေ များပါတယ၊် ဒုတိယနဲ့ တတိယလောက်ပေါ့”ဟု ၄င်းက ပြောသည်။

လယ်ယာမြေသိမ်းဆည်းခံရမှု တိုင်ကြားစာများကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် “ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ” မှ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် တိုင်ကြားစာကော်မတီမှ လွှဲပြောင်းပေးထားသည်။

အမျိုးသားလွှတ်တေ်ာ၊ ပြည်သူတို့၏ တိုင်ကြားစာကော်မတီဌာနကို လက်ရှိအစိုးရလက်ထက် ၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကာ ပေးပို့စာများသည် ယနေ့အချိန်ထိ လျော့နည်းသွားခြင်းမရှိကြောင်း သိရပြီး ယခုလက်ရှိတွင် မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁၁)မှ ဦးလှမြင့်(ခေါ်)ဦးလှမြင့်သန်းမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ စုစုပေါင်း ၁၅ ဦးဖြင့် တာဝန်ယူဆောင်ရွက်လျက် ရှိသည်။

ကော်မတီအနေဖြင့် အရေးယူဆောင်ရွက်ခြင်းမပြုသည့် တိုင်ကြားစာအမျိုးအစားများမှာ နိုင်ငံတော်သမ္မတထံ လိပ်မူပေးပို့ပြီး ဥက္ကဋ္ဌ (အမျိုးသားလွှတ်တော်)၊ ဥက္ကဋ္ဌ (ပြည်သူတို့၏တိုင်ကြားစာရေးရာဆိုင်ရာကော်မတီ)သို့ မိတ္တူပေးပို့သည့် တိုင်ကြား၊ အသနားခံစာများ ၊ နိုင်ငံတော်သမ္မတနှင့်အခြားဝန်ကြီးဌာနများသို့ တပြိုင်တည်း လိပ်မူပေးပို့သောစာများ၊ တရားရုံးတွင် ရင်ဆိုင်နေဆဲ၊ အမှု မပြီးပြတ်သေးသော တိုင်စာ/ အသနားခံစာများ၊ ကာယကံရှင်က ဥပဒေနှင့်အညီ ကိုယ်တိုင်တရားစွဲဆိုရမည့် ကိုယ်တိုင်ဆောင်ရွက်ရမည့် တိုင်စာ၊ အသနားခံစာများ၊ တိုင်စာ/ အသနားခံစာတွင် တိကျခိုင်မာသော အချက်အလက်များ မပါရှိခြင်းများ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly