ဂျပန်နိုင်ငံ (JICA)မှ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ ထောက်ပံ့ပေးသော ဓါတ်ခွဲခန်း ကိုးခု ဖွင့်တော့မည်

ဂျပန်နိုင်ငံ (JICA)မှ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ ထောက်ပံ့ပေးသော ဓါတ်ခွဲခန်း ကိုးခု ဖွင့်တော့မည်

ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်သို့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ထောက်ပံ့ကူညီပေးထားသော ဓါတ်ခွဲခန်း ကိုးခု ဆောက်လုပ်ပြီးစီးသောကြောင့် အောက်တိုဘာ ၁၆ ရက်နေ့တွင် သုတေသနလုပ်ငန်းများ စတင် ဆောင်ရွက်တော့မည်ဟု နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြထားသည်။

''JICA က ဂျပန်ယန်း ၁၀၀၈ သန်း ကူညီထောက်ပံ့ငွေနဲ့ ရေဆင်းတက္ကသိုလ်က ဌာနကြီး ကိုးခုအတွက် ခေတ်မီသုတေသန ဓါတ်ခွဲခန်း ကိုးခန်း၊ ဆောက်ပြီးတဲ့အတွက် အောက်တိုဘာ ၁၆ ရက်မှာ ဖွင့်ပွဲနဲ့တွဲပြီး သုတေသနလုပ်ငန်းတွေ စတင်ဆောင်ရွက်တော့မှာပါ'' ဟု ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမျိုးကြွယ်ကပြောသည်။

သုတေသန နည်းပညာပိုင်းဆိုင်ရာကို ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်၊ ကိုဘေးတက္ကသိုလ်၊ ရာမဂူချီ တက္ကသိုလ်နှင့် ချီဘာတက္ကသိုလ်တို့မှ ပါမောက္ခများ ကိုယ်တိုင်လာရောက် သင်ကြားပေးမည် ဖြစ်သည်။

ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ လယ်ယာသီးနှံပညာဌာန၊ အပင်မျိုးမွေးမြူရေး ဇီဝကမ္မနှင့် ဂေဟဗေဒဌာန၊ မြေဆီလွှာနှင့် ရေသိပ္ပံဌာန၊ အပင်ရောဂါဌာန၊ ကိမိလနှင့် သတ္တဗေဒဌာန၊ ဥယျာဉ်ခြံ နှင့် ဇီဝနည်းပညာဌာန၊ စိုက်ပျိုးစီးပွားဌာန၊ မွေးမြူရေးပညာဌာနနှင့် စိုက်ပျိုးရေးအင်ဂျင်နီယာ ဌာန စသည့် ဌာန ကိုးခုအတွက် ဓါတ်ခွဲခန်း ကိုးခန်း ဆောက်လုပ်ခြင်းဖြစ်သည်။

ဆောက်လုပ်ပြီးစီးသော ဓါတ်ခွဲခန်း တစ်ဆောင်လျှင် အလျား ၄၅ မီတာ၊ အနံ ၁၂ ဒဿမ ၃ မီတာ၊ အမြင့် ၄ ဒဿမ ၅ မီတာရှိပြီး ငလျင်ဒဏ်ခံနိုင်အောင် ဆောက်ထားသည်ဟု ဆိုသည်။

ဂျပန်နိုင်ငံ နည်းပညာပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းမှာ ၂၀၁၅ မှ ၂၀၁၉ ထိ ငါးနှစ်ကာလဖြစ်ပြီး ရေဆင်းတက္ကသိုလ်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပါဝင်သည်။

စီမံကိန်းကာလအတွင်း နည်းပညာနှင့်ပတ်သက်၍ ဂျပန်တက္ကသိုလ်မှ စိုက်ပျိုးရေးပညာရှင်နှစ်ဦးက ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်တွင် ငါးနှစ်လုံးနေထိုင်ပြီး သင်တန်းများပို့ချသွားမည်ဖြစ်သည်။ သက်ဆိုင်ရာ နည်းပညာအလိုက် ဂျပန်တက္ကသိုလ်မှ ပညာရှင်များက အလှည့်ကျလာရောက် သင်တန်းပို့ချခြင်းနှင့် နည်းပညာဖလှယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြမည်ဖြစ်သည်။

ကိုးကား၊ သတင်းစဉ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly