ထားဝယ်မြို့ မီးပြတ်ခြင်းသည် ထရန်စဖော်မာရှော့ခ်ဟု တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဋ္ဌဆို

ထားဝယ်မြို့ မီးပြတ်ခြင်းသည် ထရန်စဖော်မာရှော့ခ်ဟု တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဋ္ဌဆို

ရန်ကုန် ၊ မတ် ၁၁ ။             ။ လျှပ်စစ်ဓါတ်ပေးသော ထရန်စဖော်မာတစ်ခု ရှော့ခ်ဖြစ်ပြီး ဘရိတ်ကာတစ်ခု ကျသွားခြင်းကြောင့်သာ ထားဝယ်မြို့၌ မတ်လ ၁၀ ရက်နေ့ ည က လျှပ်စစ်မီးပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်မြို့ EPC မှဖြေကြားထားကြောင်း တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်အေးက မဇ္စျိမသို့ ပြောသည်။

“မနေ့က မီးပြတ်တဲ့ကိစ္စ ကျွန်တော်စုံစမ်းကြည့်တော့ ထရန်စဖော်မာ ရှော့ဖြစ်ပြီးတော့ ဘရိတ်ကာတစ်ခု ကျသွားတယ်လို့ EPC က ပြောတယ်။ အဲ့ဒါ ထရန်စဖော်မာကို ပြန်ပြင်ရတော့ လေးနာရီလောက် ကြာသွားတယ်လို့ EPC က ကျွန်တော် မေးကြည့်တော့ ပြန်ဖြေတယ်” ဟု ဦးခင်အောင်အေးက ဆိုသည်။

ထားဝယ်မြို့သို့ အဓိက လျှပ်စစ်မီးပေးနေသည့် ကုမ္ပဏီဖြစ်သည့် GGS ကုမ္ပဏီ၏ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော် တို့ကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးထိန်းသိမ်းသည့် အချိန်နှင့် ထားဝယ်မြို့ မီးပြတ်သည့်အချိန်မှာ တိုက်ဆိုင်နေခဲ့ပြီးနောက် လူထုအကြား ဝေဖန်ပြောဆိုမှုများ ရှိနေခဲ့ခြင်းဖြစ်သည်။

“GGS က လူတွေဖမ်းတဲ့ညမှာ မီးဖြတ်လိုက်တယ်ဆိုတဲ့ သံသယကြီးက ပြည်သူတွေကြားမှာ ကြီးသွားတာပေါ့ဗျာ” ဟု ဦးခင်အောင်အေးက ဆိုသည်။

လျှပ်စစ်မီးပြတ်တောက်ခြင်းသည် ည ၇ နာရီ မှ ည ဆယ်နာရီခွဲ ခန့် အချိန်အထိ ပြတ်တောက်နေခဲ့ပြီးနောက် ပုံမှန် ပြန်လည် ရရှိနေပြီ ဖြစ်သည်ဟုလည်း ၄င်းက ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်၊ Global Grand Services (GGS) ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် မတ်လ ၁၀ ရက်နေ့ ညပိုင်းတွင် အမှုဖွင့်လှစ် အရေးယူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly