အီသီယိုးပီးယား ခရီးသည်တင်လေယာဉ် ပျက်ကျမှု လိုက်ပါသွားသူ ၁၅၇ ဦးစလုံး သေဆုံး 

အီသီယိုးပီးယား ခရီးသည်တင်လေယာဉ် ပျက်ကျမှု လိုက်ပါသွားသူ ၁၅၇ ဦးစလုံး သေဆုံး 
Photo: EPA

မတ် ၁၀ ။     ။ အီသီယိုးပီးယား ခရီးသည်တင်လေယာဉ် မတ်လ ၁၀ ရက်က ပျက်ကျသွားခဲ့မှု ဖြစ်စဉ်မှာ အသက်ရှင်ကျန်ရစ်သူ မရှိကြောင်း တာဝန်ရှိသူတွေက ထုတ်ပြန်လာပါတယ်။

အီသီယိုးပီးယား လေကြောင်းလိုင်းရဲ့ Boeing 737 ခရီးသည်လေယာဉ်ဟာ မတ်လ ၁၀ ရက်က မြို့တော် အာဒစ် အဘာဘာကနေ ကင်ညာနိုင်ငံဆီ ဦးတည်ပျံသန်းရင်း လမ်းမှာ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ လေယာဉ်ပေါ်မှာတော့ ခရီးသည် ၁၄၉ ဦးနဲ့ လေယာဉ် အမှုထမ်း ရှစ်ဦး ပါရှိသွားပြီး အားလုံး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

အီသီယိုးပီးယား မြို့တော်ကနေ ပျံတက်သွားပြီး သိပ်မကြာခင် မတ်လ ၁၀ ရက် ဒေသစံတော်ချိန် ၈ နာရီ ၄၄ မိနစ်မှာ ပျက်ကျသွားတာဖြစ်ကြောင်း လေကြောင်းလိုင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါ ခရီးသည်တင်လေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်လို့ အီသီယိုးပီးယား ဝန်ကြီးချုပ် အဘီယီ အာမက်ဒ်ကလည်း တွစ်တာကနေ ဝမ်းနည်းကြောင်း ရေးထားပါတယ်။

လေယာဉ်ပေါ်ရှိ ခရီးသည်တွေထဲမှာ ကင်ညာနိုင်ငံသား ၃၂ ဦး၊ ကနေဒါ ၁၈ ဦး၊ အမေရိကန် ရှစ်ဦးနဲ့ ဗြိတိန် နိုင်ငံသား ခုနစ်ဦးတို့လည်း ပါရှိသွားကြောင်း သိရပါတယ်။

ဘယ်အကြောင်းကြောင့်  လေယာဉ်ပျက်သွားခဲ့သလဲ ဆိုတာကိုတော့  ယခုထက်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly