နယ်စပ်ခြံစည်းရိုးတည်ဆောက်ရေးလုပ်ငန်းကို AA နှောင့်ယှက်တိုက်ခိုက်ဟု ထုတ်ပြန်

နယ်စပ်ခြံစည်းရိုးတည်ဆောက်ရေးလုပ်ငန်းကို AA နှောင့်ယှက်တိုက်ခိုက်ဟု ထုတ်ပြန်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မတ် ၁၀ ။    ။ ရခိုင်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အတွင်းရှိ ခြံစည်းရိုးတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို AA အဖွဲ့က နှောင့်ယှက်တိုက်ခိုက်လျက်ရှိသည်ဟု မတ်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

မတ်လ ၉ ရက်နေ့ နေ့လယ်က အင်အား ၂၀၀ ခန့်ပါဝင်သော AA အဖွဲ့ (မူရင်းတွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ဟု ဖော်ပြ) က နယ်စပ်ခြံစည်းရိုး နယ်စပ်မိုင်တိုင် အမှတ် ဘီပီ ၆၇ နှင့် ဘီပီ ၆၈ အကြား ထို လုပ်ငန်းအဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အင်အားဖြန့်ခွဲ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှ တဆင့် နှောင့်ယှက်တိုက်ခိုက်ခဲ့သည်ဟု ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်ခံရမှုကြောင့် ဆောက်လုပ်ရေး တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နယ်စပ်ခြံစည်းရိုး တည်ဆောက်ခြင်း လုပ်ငန်းများ နှောင့်ယှက်ဖျက်ဆီး မခံရစေရေး၊ ဆောက်လုပ်ရေး လုပ်သားများ ဘေးအန္တရာယ်ကင်းရှင်း စေရေးအတွက် ပြန်လည် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ထိတွေ့မှုများ ဖြစ်ပွားခဲ့သည်ဟု မတ်လ ၁၀ ရက်နေ့ ရက်စွဲပါ ထုတ်ပြန်ချက်က ဆိုသည်။

ထိုဖြစ်စဉ်ကြောင့် နယ်စပ်ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် ဆောက်လုပ်ရေး လုပ်သားများ လုံခြုံရေးအတွက်  လက်ရှိ လုပ်ငန်းခွင်မှ လုံခြုံသော နေရာသို့ ရွှေ့ပြောင်းခဲ့ရပြီး သယ်ဆောင်ခြင်း မပြုနိုင်သော ခြံစည်းရိုးလုပ်ငန်းသုံး စက်ယန္တရားများအား လုပ်ငန်းခွင် နေရာတွင် ထားခဲ့ရဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများအား  တရားမဝင်လူများ ခိုးဝင်၊ ခိုးထွက် မရှိစေရေး၊ ဒေသခံ တိုင်းရင်းသားများ၏ လုံခြုံရေး၊  မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါး လုံခြုံရေးတို့အတွက် ၂ဝ၁ဝ ခုနှစ်မှ စတင်၍ အဆင့် ၄ ဆင့်ဖြင့် ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်အထိ နယ်စပ်ခြံစည်းရိုး မှတ်တိုင်အမှတ် ၆၇ အထိ ၁၂၉.၁၅ မိုင် ဆောင်ရွက်ပြီးစီးပြီ ဖြစ်နေသည်။

ထိုသို့ မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါး လုံခြုံရေးနှင့် ဒေသခံ တိုင်းရင်းသားများ လုံခြုံရေးအတွက် နယ်စပ်ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများအား ဆောင်ရွက်နေသော ဆောက်လုပ်ရေး လုပ်ငန်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ယခုကဲ့သုုိ့ နှောင့်ယှက် တိုက်ခိုက်ခြင်းများ ဆောင်ရွက်လာခြင်းသည် နိုင်ငံတော်၏ နယ်မြေပိုင်နက် လုံခြုံရေး၊ အချုပ်အခြာ တည်တံ့ခိုင်မြဲရေးနှင့် ဒေသခံ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေးတို့အား နှောင့်ယှက်ဖျက်ဆီးခြင်း ဖြစ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးအား ထိရောက်စွာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်ဟု ထို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required