တပ်မတော်နှင့် AA တို့တိုက်ပွဲကြောင့် လူ ၁၈၀ ခန့် ရွာအတွင်းပိတ်မိ

တပ်မတော်နှင့် AA တို့တိုက်ပွဲကြောင့် လူ ၁၈၀ ခန့် ရွာအတွင်းပိတ်မိ
ဓာတ်ပုံ - Rakhine Ethnics Congress

ရန်ကုန်၊ မတ် ၉ ။      ။    တပ်မတော်နှင့် ရက္ခိုင့်အဖွဲ့(AA) တို့တိုက်ပွဲများကြောင့် မြောက်ဦးမြို့နယ်ရှိ စာပေါင်ကျေးရွာဒေသခံ ၁၈၀ ခန့် ရွာအတွင်းပိတ်မိနေကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံးမှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း ကပြောသည်။

ခြိတ်ချောင်းကျေးရွာနှင့် စာပေါင်ကျေးရွာအနီးတို့တွင် မတ်လ ၈ ရက်နေ့မှ စတင်ကာ ယနေ့ မတ်လ ၉ ရက်နေ့ အထိ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပိတ်မိနေသည့် စာပေါင်ကျေးရွာတွင် အိမ်ထောင်ခြေ အနည်းဆုံး ၅၀ ခန့်ရှိကာ လူဦးရေ ၁၈၀ ခန့်ရှိနေကြောင်း သိရသည်။

“ ဖြစ်တဲ့ ဧရိယာက သူတို့ရွာနဲ့ တခြားရွာတွေကိုသွားမယ့်ကြားထဲမှာဖြစ်နေတာပေါ့။ လောလောဆယ်မှာ တခြားနေရာကို ရွှေ့သွားဖို့အတွက် သိပ်ပြီးမလုံခြုံတဲ့အတွက် မသွားရဲဘူးပေါ့လေ။ ရွာထဲမှာပိတ်မိနေတဲ့ အနေအထားမျိုးပါ” ဟု ၎င်းက စုံစမ်းသိရှိရသလောက်ပြောပြသည်။

လက်ရှိတွင်တိုက်ပွဲရပ်သွားသည်ဟုကြားသိရပြီး ခြိတ်ချောင်းကျေးရွာနှင့်အနီးအနားပတ်ဝန်းကျင်မှရွာသား တစ်ထောင်ပတ်ဝန်းကျင်မှာ နေရပ်စွန့်ခွာသွားရကြောင်းလည်း ဒေသခံအရင်းအမြစ်များထံမှသိရသည်။

“ တိုက်ပွဲအသံလောလောဆယ်မကြားတော့ဘူးအခြေအနေကြည့်မယ်။ သွားလာလို့ရတဲ့အခြေအနေရှိပြီဆိုရင် ကလေးတွေနဲ့ အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေကို ဒီထက်လုံခြုံတဲ့နေရာပို့ဖို့ပေါ့အဲ့လို စီစဉ်နေတယ် လို့တော့ ကျွန်တော်ကြားပါတယ်” ဟု ဦးဇော်ဇော်ထွန်းက မတ်လ ၉ ရက်နေ့ ညနေ ၅ နာရီခန့်ရရှိထားသည့် သတင်းအရပြောပြသည်။

အလားတူ မတ်လ ၉ ရက် တွင်ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲ ၃ နေရာဖြစ်ပွားခဲ့ပြီး မြိုတိုင်းရင်းသားကျေးရွာမှ လူဦးရေ ၅၀ ခန့်မှာလည်း ယနေ့တွင် စစ်ဘေးရှောင်စခန်းသို့ရောက်ရှိလာခဲကြောင်း ၎င်းကဆိုသည်။ ရက္ခိုင့် အဖွဲ့(AA) နှင့် တပ်မတော်တို့သည် ၂၀၁၈ ခုနှစ်နှောင်းပိုင်းကတည်းက စတင်ပြီးတိုက်ပွဲများ ပြင်းပြင်းထန်ထန် ပြန်လည်ဖြစ်ပွားနေသည့်အတွက် ဒေသခံ တစ်သောင်းကျော်အထိ နေရပ်စွန့်ခွာလာရခြင်းလည်းဖြစ်သည်။

အလားတူ မတ်လထဲတွင် တိုက်ပွဲအဓိကဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ တပ်မတော်မှနေ၍ တပ်အင်အား ၈၀၀၀ ခန့် ထပ်မံစစ်ကူပို့ပေးခဲ့သည်ဟုလည်း ရက္ခိုင့်အဖွဲ့(AA)က လွန်ခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly